မကောင်းဆိုးဝါးနှင်သည်ဆိုပြီး အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သော သင်းအုပ်ဆရာအား အမှုစစ်ဆေး

မကောင်းဆိုးဝါးနှင်သည်ဆိုပြီး အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သော သင်းအုပ်ဆရာအား အမှုစစ်ဆေး

 ဧပြီ ၂၇ ။                         ။ ကမ္ဘာတစ်ဝန်းလုံးကို တုန်လှုပ်ချောက်ခြားစေခဲ့သော မကောင်းဆိုးဝါးနှင်သည်ဆိုပြီး မီးရှို့အသတ်ခံခဲ့ရသည့် နီကာရာဂွါနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် အသတ်မခံရခင်တွင် ရိုက်နှက်ခံခဲ့ရကြောင်းနှင့် အငတ်ထားခံခဲ့ရ ကြောင်း မျက်မြင်သက်သေများက ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် တရားရုံး၌ ထွက်ဆိုခဲ့သည်။

သင်းအုပ်ဆရာ ဟွမ်ရိုချာနှင့် သူ၏နောက်လိုက်လေးဦးသည် အသက် ၂၅ နှစ်အရွယ်ရှိ ကလေးနှစ်ဦးမိခင် ဗီလ်မာထရူဂျီလိုအား မိစ္ဆာပူးကပ်နေသည်ဟု ယုံကြည်ခဲ့သောကြောင့် သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

နီကာရာဂွါရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်သော တရားစစ်ဆေးမှု၏ ဒုတိယမြောက်နေ့တွင် ထရူဂျီလို၏ဆွေမျိုးများ က ရိုချာသည် သူ၏နောက်လိုက်များအား သူမကို ပိတ်လှောင်ထားရန်၊ ရိုက်နှက်ရန်နှင့် အစောရေစာမကျွေးပဲ ထားရန် ခိုင်းစေခဲ့ပြီး ဆွေမျိုးများနှင့်လည်း အတွေ့မခံခဲ့ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။

“သူမဟာ မိစ္ဆာတစ်ကောင်ဖြစ်သောကြောင့် ဦးခေါင်းသာ ကျန်တော့တဲ့အထိ မီးရှို့သတ်ဖြတ်ရမှာဖြစ်ပြီး သူမအပေါ်မေတ္တာမထားရန် ကျနော်တို့ကို သူကပြောခဲ့ပါတယ်” ဟု သေဆုံးသူ၏ ၀မ်းကွဲတော်စပ်သူ ရောဘတ်တိုထရူဂျီလိုက မြို့တော် မန်နာဂွါရှိ တရားရုံး၌ ထွက်ဆိုခဲ့သည်။

“သူတို့က ကျွန်မတို့ကို သူမအနား ပေးမကပ်ခဲ့ပါဘူး။ သင်းအုပ်ဆရာ ဟွမ်ရိုချာက သူမဟာ မိစ္ဆာပူးကပ်ခံထားရတာကြောင့် သူမအပေါ် အာရုံမထားကြရန် ပြောခဲ့ပါတယ်” ဟု သေဆုံးသူ၏ အမဖြစ်သူ မာလီနီက ပြောခဲ့ပြီး ထရူဂျီလိုသည် ကြိုးပုခက်တွင် ချုပ်နှောင်ထားခံရတာကို သူမမြင်ခဲ့ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။

ထရူဂျီလိုကို အဝတ်ဗလာဖြင့် မီးမွှေးထားသော ထင်းပုံထဲသို့ ပစ်ချခဲ့ကြောင်း မျက်မြင်သက်သေများက ပြောခဲ့ သည်။ သို့သော်လည်း ရိုချာက ထိုအချက်ကို ငြင်းဆန်ခဲ့ပြီး အမျိုးသမီးသည် မီးထဲသို့ သူမဘာသာခုန်ချခဲ့ ကြောင်းနှင့် သူမကိုယ်ထဲရှိ မကောင်းဆိုးဝါးကြောင့် လေထဲတွင် တန့်နေခဲ့ကြောင်း ပြောခဲ့သည်။

ထရူဂျီလို၏ ဖခင်ဖြစ်သူက အဆိုဖြစ်ရပ်ဖြစ်ပွားခဲ့ချိန်တွင် သူ၏ သမီးဖြစ်သူကို ကြည့်ရှုခွင့် ပိတ်ပင်ခံခဲ့ရကြောင်း ပြောခဲ့သည်။ ထရူဂျီလိုကို ရှာတွေ့ချိန်တွင် သူမသည် အဝတ်ဗလာဖြစ်နေပြီး မီးထဲတွင် ငါးနာရီခန့် ဆိုးဝါးစွာ လောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။

ထိုသို့ မီးလောင်ကျွမ်းခံရမှုကြောင့် ထရူဂျီလိုသည် လွန်ခဲ့သော ဖေဖေါ်ဝါရီ ၂၈ ရက်နေ့တွင် မန်နာဂွါရှှိ ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။

မှုခင်းဆေးပညာကျွမ်းကျင်သူ ရီကာဒိုလာရီရို့စ်က သူမသည် ၄၀၀ ဒီဂရီဆဲလ်စီယပ် အပူချိန်ရှိသော မီးတောက်ထဲတွင် လောင်ကျွမ်းခံခဲ့ရကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly