ရိုးမားအသင်းအပေါ်သစ္စာရှိမှုကြောင့် တော့တီအတွက် Nike ရဲ့ ရွှေရောင်အထူးထုတ်ဖိနပ်

ရိုးမားအသင်းအပေါ်သစ္စာရှိမှုကြောင့် တော့တီအတွက် Nike ရဲ့ ရွှေရောင်အထူးထုတ်ဖိနပ်

ဧပြီ ၂၇၊ အီတလီ ။           ။ ရိုးမားအသင်းအပေါ် သစ္စာရှိစွာနဲ့ ၂၅ နှစ်ကြာ ကစားပေးခဲ့တဲ့ အီတလီဂန္ထဝင်ကစားသမားကြီးတော့တီကို ဂုဏ်ပြုတဲ့အနေနဲ့ Nike အားကစားကုမ္ပဏီက ရွှေရောင်ဖိနပ်ကို အထူးထုတ်လုပ်ပေးခဲ့ပါတယ်။

တော့တီဟာ ရိုးမားအသင်းမှာ ၁၉၉၃ ခုနှစ်က စတင်ပွဲထွက်ကစားခဲ့ပြီး ရိုးမားတစ်သင်းတည်းမှာပဲ ၂၅ နှစ်ကြာ ကစားခဲ့သူဖြစ်ပါတယ်။ သူ့ကို ဥရောပထိပ်တန်းကလပ်အသင်းပေါင်းများစွာက ကမ်းလှမ်းခဲ့ပေမယ့် တော့တီက ငြင်းပယ်ခဲ့ပြီး ရိုးမားမှာပဲ သစ္စာရှိစွာ ကစားခဲ့တာဖြစ်ပါတယ်။

Tiempo Totti X Roma လို့အမည်ရတဲ့ ရွှေရောင်အထူးထုတ်ဖိနပ်တွေကို Nike ကုမ္ပဏီက အကန့်အသတ်နဲ့သာ ထုတ်လုပ်ခဲ့တာပါ။ ဖိနပ်ရဲ့ဒီဇိုင်းကို ရွှေရောင်နဲ့ အနက်ရောင်ရောစပ်ထားပြီး နောက်ဘက်ပိုင်းမှာ တော့တီလို့ ရေးသားထားပါတယ်။ တော့တီရဲ့ နံပါတ်ဖြစ်တဲ့ ၁၀ ကို ကိုယ်စားပြုတဲ့ ရောမအက္ခရာ X ပုံစံကိုတော့ ဖိနပ်မှာ အသားတံဆိပ်ပုံစံ ခတ်နှိပ်ထားပါတယ်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ကွန်တီဟာ ဧပြီ ၃၀ ရက်နေ့မှာ လာဇီယိုနဲ့ကစားရမယ့် ရောမဒါဘီပွဲစဉ်မှာ ကြံ့ခိုင်မှုသာပြည့်နေမယ်ဆိုရင် ဒီအထူးထုတ်ရွှေရောင်ဖိနပ်ကို ၀တ်ဆင်ကစားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က ပက်စ်ကာရာကို ၄-၁ ဂိုးနဲ့နိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ တော့တီဟာ ခြေချောင်းဒဏ်ရာရရှိထားလို့ ပါ၀င်နိုင်ခြင်းမရှိခဲ့ပါဘူး။

‘Tiempo Totti X Roma ဖိနပ်ကို ကျွန်တော်ဝတ်ဆင်ကစားမှာပါ။ ဒီဖိနပ်က ကျွန်တော့်ကို ကိုယ်စားပြုသလို ကျွန်တော့်ရဲ့ရိုးမားအသင်းပေါ်ထာဝရချစ်ခင်မြတ်နိုးမှုကိုလည်း ကိုယ်စားပြုပါတယ်’ လို့ တော့တီက လူမှုဝက်ဆိုက်မှာ ရေးသားထားပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly