ထရမ့်အစိုးရက အကြီးဆုံးအခွန်ဆိုင်ရာ ပြုပြင်မှု မူကြမ်း ထုတ်ပြန်

ထရမ့်အစိုးရက အကြီးဆုံးအခွန်ဆိုင်ရာ ပြုပြင်မှု မူကြမ်း ထုတ်ပြန်

၀ါရှင်တန်၊ ဧပြီ ၂၇ ။             ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်ဆိုင်ရာ အကြီးစားပြင်ဆင်သည့် စီမံချက်မူကြမ်းကို ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနုချင်က ဧပြီ ၂၆ ရက်က ထုတ်ပြန်သည်။

၎င်း အခွန်ပြုပြင်မှု အဆိုပြုချက်တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာအခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချထားကြောင်း သိရသည်။

ယခုအခွန်ပြုပြင်မှုသည် “၁၉၈၆ ခုနှစ်ကစပြီး အလွန်အရေးပါသည့် အခွန်ပြုပြင်ပြောင်းလဲမှုဖြစ်ပြီး အမေရိကန်သမိုင်းတစ်လျှောက် အကြီးဆုံး အခွန်လျှော့ချမှုဖြစ်ကြောင်း။”ဟု အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားစီးပွားရေးကောင်စီဒါရိုက်တာ ဂါရီခိုးနှင့်အတူ ပူးတွဲကြေညာလိုက်ခြင်းဖြစ်သည်။

အခွန်စီမံချက်ဖြင့် အမေရိကန်၏ စီးပွားရေးကို တစ်နှစ်ပတ်လည်တွင် သုံးရာခိုင်နှုန်းနှင့်အထက် တိုးပွားစေမည်ဖြစ်ကြောင်း မနုချင်က ဖြည့်စွက်ဆိုသည်။

အစိုးရ၏ အခွန်ပြုပြင်ပြောင်းလဲမှုကြောင့် လိုငွေပြခြင်းနှင့် ယိုပေါက်များကို နည်းပါးစေလာမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

သမ္မတ ဒေါ်နယ်ထရမ့်က အခွန်ပြုပြင်ပြောင်းလဲမှုသည် ၎င်း၏ သမ္မတသက်တမ်း ပထမနှစ်အတွင်း အဓိကဦးစားပေးခြင်းကြောင်း ပြောထားသည်။ သို့သော်လည်း ၎င်း၏ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စီမံချက်အတွက် ရီပတ်ဘရီကန်များ လွှမ်းမိုးသော လွှတ်တော်၏ အတည်ပြုချက်ကို ရယူရဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly