တစ်လအတွင်းဖြေရှင်းမပေးပါက အစိုးရရုံးရှေ့ သပိတ်စခန်းဖွင့်လှစ်မည်ဟု ဒေသခံများပြော

တစ်လအတွင်းဖြေရှင်းမပေးပါက အစိုးရရုံးရှေ့ သပိတ်စခန်းဖွင့်လှစ်မည်ဟု ဒေသခံများပြော

မုံရွာ၊ ဧပြီ ၂၆ ။               ။ ကြေးစင်တောင်ဒေသခံများတောင်းဆိုထားသည့် အချက်၄ချက်အား တစ်လအတွင်း ဖြေရှင်းမပေးပါက အစိုးရရုံးရှေ့တွင် သပိတ်စခန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

"လာမယ့် ၁၅ ရက်အတွင်း ဖြေရှင်းမပေးနိုင်ရင် အစိုးရရုံးရှေ့မှာ အခုလိုပဲ လာရောက်တောင်းဆိုမှာဖြစ်ပါတယ်။ နောက်ထပ် ၁၅ ရက် ထပ်ကြာလို့မှ ဖြေရှင်းမပေးနိုင်ရင် အစိုးရရုံးရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆိုသွားမှာဖြစ်ပါတယ်။" ဟု ကံကုန်းဒေသခံ ကိုတင့်အောင်စိုးက ပြောသည်။

ကြေးစင်တောင်ဒေသခံများအနေဖြင့် တောင်းဆိုမှုများအကြိမ်ကြိမ်လုပ်ခဲ့သော်လည်း အစိုးရဘက်မှ အချိန်ဆွဲမှုများကိုသာ ရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"အရင်အစိုးရမှာကတည်းက ဒေသခံတွေဟာ ညှိနှိုင်းခဲ့ကြတယ်။ ပြေလည်မခြင်းမရှိခဲ့ဘဲအချိန်တွေကုန်ခဲ့တာပဲရှိတယ်။ အခုလည်း ထပ်ပြီး အချိန်ဆွဲနေဦးမယ်ဆိုရင်တော့ ဒေသခံတွေက လက်ခံတော့မှာမဟုတ်ဘူး။"ဟု ၎င်းကပြောသည်။

ဧပြီ ၂၆ ရက် နံနက်ပိုင်းက ကြေးစင်တောင်ဒေသခံ ၄၀၀ ခန့်မှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံးရှေ့သို့ သွားရောက်ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမှုံတို့မှ လာရောက် ညှိနှိုင်းခဲ့သဖြင့် အစိုးရရုံးရှေ့သို့ ဆက်လက်ချီတက်ခြင်းမရှိဘဲ လက်တလော ပြေလည်ခဲ့ကြသည်။

ဒေသခံများက စီမံကိန်းအတွက်သိမ်းဆည်းထားသော မြေယာများအား အမြန်ဆုံးဖြေရှင်းပေးရန်၊ နေ့စားအလုပ်သမားများအား ပါမစ်ချထားပေးရန်၊ စီမံကိန်းအကျိုးအမြတ်မှ ဒေသဖွံ့ဖြိုးရေး ၂ ရာခိုင်နှုန်း သုံးစွဲပေးရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကာကွယ်ပေးရန် တို့ကိုတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly