ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကြောင့် မူးယစ်ဆေးဝါးရောင်း၊ သုံးစွဲသူ ၅၀ ရာခိုင်နှုန်း လျော့ချခဲ့ဟုဆို

ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကြောင့် မူးယစ်ဆေးဝါးရောင်း၊ သုံးစွဲသူ ၅၀ ရာခိုင်နှုန်း လျော့ချခဲ့ဟုဆို
ဓါတ်ပုံ -မြစ်ကြီးနားမြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၏ အတွင်းရေးမှူး ဦးတန်ဂွန်း အင်ခွမ် (Tang Goon Nhkum) FB

ချင်းမိုင်၊ ဧပြီလ ၂၅ ။                ။ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့သည့် ၃ နှစ်သာကာလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ သုံးစွဲသူများ အနည်းဆုံး ၅၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့သည်ဟု ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ပြောဆိုလိုက်သည်။
 
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ဧပြီလ ၂၅ ရက်နေ့ ကျရောက်သော ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ပြီး D-day ဖြစ်ပေါ်လာပုံသမိုင်းနှင့် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အစီရင်ခံစာကို လူထုအခြေပြု ကိုယ်ထူကိုယ်ထ ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့၏ ဥက္ကဌ ဦးလုန်ဂျွန်တူးရော်က တင်ပြခဲ့ခြင်း ဖြစ်သည်။

ကိုယ်ထူကိုယ်ထ ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုများ၊ ထောင်ကျခဲ့မှုများ၊ မိသားစုပြိုကွဲခြင်း၊ မူးယစ်ဆေးဝါးကြောင့် ကချင်တမျိုးသားလုံုး ပျက်ဆီးဆုံးရှုံုးမှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဘိန်းရောင်းဝယ်သူများ၊ ဘိန်းစိုက်ပျိုးသူများအား ဖမ်းဆီးအရေးယူခြင်း၊ ဘိန်းခင်းများ ဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဘိန်းဖျက်စခန်းဖွင့်၍ ဘိန်းဖျက်ပေးနေခြင်းတို့ လုပ်ဆောင်နေ၍ ၃ နှစ်အတွင်း အောင်မြင်မှု အများအပြားရရှိခဲ့သည်ဟု သူကပြောဆိုခဲ့သည်။

“ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်း သုံးနှစ်သာကာလမှာ အောင်မြင်မှု အများအပြား ရရှိခဲ့ပါတယ်။ အောင်မြင်မှု တခုက မူးယစ်ဆေးဝါး သုံးစွဲသူ ၆၅ ရာခိုင်နှုန်း လျော့ခဲ့တယ်ဆိုတာ အချက်အလက်တွေအရ တွေ့ရပါတယ်။ နံပတ်နှစ်က မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၅၀ ရာခိုင်နှုန်းလောက် လျော့သွားပါပြီ။ နံပါတ်သုံးက ဘိန်းခင်း ဧက ၅၅ရာခိုင်နှုန်းလော့သွားတာ တွေ့ရတယ်။ ဒီဟာတွေကို ကြည့်လိုက်ရင် ဟူးကောင်းဒေသ တနိုင်းဘက်မှာလည်း ၉၅ ရာခိုင်နှုန်း ဆွမ်ပရာဘွမ်ဘက်မှာ ၉၅ ရာခိုင်နှုန်း လျော့သွားတာတွေက ကျနော်တို့ရဲ့ အောင်မြင်မှုဖြစ်တယ်။ နောက်တခုက ကချင်လူထု အသိုင်းအဝိုင်းက မိသားစုအလိုက်၊ လူတစ်ဦးချင်းအလိုက်၊ ဘာသာရေးတွေမှာ ကြည့်လိုက်ရင် မူးယစ်ဆေးဝါးကို မလိုလားတဲ့ လူ ၉၀ ရာခိုင်နှုန်းလောက် ရှိလာတယ်ဆိုတာကလည်း ကျနော်တို့ရဲ့ အောင်မြင်မှု တခုဖြစ်ပါတယ်”ဟု သူက အခမ်းအနားတွင် ပြောကြားခဲ့သည်။
 

မူးယစ်ဆေးဝါး ပပျောက်ရန်အတွက် ကချင်တမျိုးသားလုံး စည်းလုံးညီညွတ်စွာဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားရန် သူက တိုက်တွန်းလိုက်သည်။
 
“ကျနော်တို့ သုံးနှစ်အတွင်းမှာ ဧကပေါင်း ဘိန်းခင်း ၃၀၁၅ ဧကလောက် တိုက်ဖျက်နိုင်ခဲ့တယ်။ ကျနော်တို့ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး ပပျောက်တဲ့အထိ၊ ကင်းစင်သွားတဲ့အထိ ဆက်ကြိုးစားမှာပေါ့”ဟု ဦးလုန်ဂျွန်တူးရော်က ပြောသည်။
 
ယနေ့ ပြုလုပ်သော ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ သုံးကြိမ်မြောက် အထိမ်းအမှတ် အခမ်းအနားကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး စသည့် ဒေသများမှ ပြည်သူလူထုများ အနည်းဆုံး ၅၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
 
အခမ်းအနားတွင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ဦးဆောင်၍ ဆုတောင်းဝတ်ပြုခြင်း၊ မူးယစ်ဆေးဝါးရန်သူမှ လွှတ်မြောက်ခဲ့သူများ သက်သေခံခြင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေး စာတမ်းများကိုင်ဆောင်၍ လမ်းလျှောက်ချီတက်ခဲ့သည်ဟု သိရသည်။
 
“မျိုးဆက်သစ်လူငယ်များအား မူးယစ်ရန်မှကာကွယ်ကြ” ၊ “မူးယစ်ဆေးဝါး အန္တရာယ်ကို လူထုအင်အားဖြင့် တိုက်ဖျက်ကြပါစို့”၊ “ မူးယစ်ဆေးဝါး ဒို့မလိုလား” စသည့် စာတမ်းများ အပါအဝင် ကိုင်ဆောင်၍ ချီတက်ခဲ့ခြင်း ဖြစ်သည်။
 
ထို့ပြင် အခမ်းအနားတွင် မြစ်ကြီးနားဂျာနယ် အယ်ဒီတာချုပ် မဆိုင်းမိုင်နှင့် ဓါတ်ပုံဆရာ ခွန်လတ်တို့ ရိုက်ကူးထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုဓါတ်ပုံများကို ပြသထားသည်။
 
ကချင်လူထုများ မူးယစ်ဆေးဝါး ရန်သူမှ လွတ်မြောက်ရန်နှင့် မူးယစ်ဆေးဝါး ကင်းစင်သွားနိုင်ရေးအတွက် ရည်ရွယ်၍ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဦးဆောင်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။
 
ထိုအဖွဲ့မှ ဘိန်းခင်းများသွားရောက် ပျက်ဆီးနေစဉ် ဘိန်းစိုက်တောင်သူများဘက်မှ လက်နက်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ တစ်ဦးသေဆုံးခဲ့သည်။
 
၂၀၁၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှစတင်၍ ကချင်ပြည်နယ်ရှိ မြို့နယ်အန့ံရှိ ဘာသာရေးခေါင်းဆောင်များ ဦးဆောင်၍ ဆုတောင်း၍ ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။ ထိုနေ့ကို ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly