တာလီဘန်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုအပြီး၌ ပင်တဂွန်အကြီးအကဲ အာဖဂန်နစ္စတန်သို့ ရောက်ရှိ

တာလီဘန်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုအပြီး၌ ပင်တဂွန်အကြီးအကဲ အာဖဂန်နစ္စတန်သို့ ရောက်ရှိ

 ဧပြီ ၂၅ ။              ။ တိုက်ပွဲဝင်နေသောတပ်ဖွဲ့များကို ဒေါသူပုန်ထစေပြီး ဖရိုဖရဲဖြစ်စေခဲ့သော တာလီဘန်တို့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ရာထူးမှနှုတ်ထွက်သွားခဲ့ရပြီး နာရီပိုင်းအကြာ တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်သည် ပြီးခဲ့သော တနင်္လာနေ့က အာဖဂန်နစ္စတန်သို့ ကြေညာခြင်းမရှိဘဲ အလည်အပတ်ရောက်ရှိလာခဲ့သည်။

မက်တစ်က တာလီဘန်တို့အား ရိုင်းစိုင်းသူများဟု သမုတ်ခဲ့ပြီး နွေဦးတိုက်ပွဲရာသီအတွက် အသင့်ပြင်ထား ကြသော ပြန်လည်နိုးထလာသည့် စစ်သွေးကြွများအား ရင်ဆိုင်တိုက်ပွဲဝင်ရန်အတွက် တပ်သားများထပ်မံ စေလွှတ်ရန် သမ္မတဒေါ်နယ်ထရမ့်အား ဗျူဟာအသစ်များဖြင့်အတူ အကြံပြုချက်များ မကြာခင်ပြုလုပ်သွား မည်ဖြစ်ကြောင်းနှင့် စည်းလုံးညီညွတ်မှုရှိကြရန် ကာဘူးလ်မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်လုံခြံုရေးတပ်ဖွဲ့များသည် တာလီဘန်တို့၏ တိုက်ခိုက်မှုအတွင်း အကြီးအကျယ် အထိနာခဲ့ရပြီး ကာကွယ်ရေးဝန်ကြီး အဘူဒူလာဟာဘီဘီ နှင့် စစ်တပ်အကြီးအကဲဖြစ်သူ  ကာဒမ်ရှာရှာဟမ် တို့နှစ်ဦးရာထူးမှ နှုတ်ထွက်ခဲ့ပြီးနောက်တွင် ဂျိမ်းစ်မက်တစ် ရောက်ရှိလာခြင်းဖြစ်သည်။

ပြီးခဲ့သော သောကြာနေ့က မြောက်ပိုင်းမြို့ဖြစ်သော မာဇာအီရှာရစ်ဖ်မြို့ အပြင်ဘက်တွင်ရှိသည့် စစ်အခြေစိုက်စခန်းသို့ တာလီဘန်တို့က ၀င်ရောက်တိုက်ခိုက်ခဲ့မှုအပြီးတွင် လူအများက ဒေါသူပုန် ထွက်ခဲ့သောကြောင့် ယခုလို ရာထူးမှ နှုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ယူနီဖောင်းများဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်ထားသော တာလီဘန် သေနတ်သမားများသည် စစ်အခြေစိုက်စခန်းသို့ အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့ကာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော တပ်သား များကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ 

ထိုဖြစ်ရပ်အတွင်း သေဆုံးသူ နှင့် ဒဏ်ရာရရှိခဲ့သည့် တပ်သားဦးရေ ၁၀၀ ကျော်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနမှ အာဏာပိုင်များက ထုတ်ပြန်ခဲ့သော်လည်း ဒေသခံအရာရှိများ၏ အဆိုအရ သေဆုံးသူအရေအတွက်ပင် ၁၃၀ အထိရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly