ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးကို ပစ္စည်းလုသတ်ဖြတ် အလောင်းေဖျာက်ဖျက်မှုအတွက် ဧပြီ ၂၄ ရက်တွင် တရားလိုပြသက်သေ နှစ်ဦးကို ထပ်မံစစ်ဆေးခဲ့သည်။
ထိုအမှုအတွက် စွပ်စွဲခံရသူတပ်မတော်သားတစ်ဦးကိုသာ ရုံးထုတ်စစ်ဆေးနေပြီး နောက်ဆက်တွဲ တရားခံများ ဖော်ထုတ်ရန်လိုအပ်နေသည်ဟု သေဆုံးသူ အမျိုးသမီး၏ မိသားစုကပြောသည်။
"နောက်ဆက်တွဲ တရားခံတွေရှိသေးတယ်လို့ပြောတော့ တရားရုံးက မှတ်တမ်းမယူဘူး။ စိတ်နဲ့ပဲမှတ်ထားမယ်လို့ပြောတယ်"ဟု သေဆုံးသူ အဖိုးဦးတင်ရွှေကပြောသည်။
ဧပြီ ၂၄ ရက်က ထိုအမှု၏ ၁၁ ကြိမ်မြောက်ရုံးချိန်းအဖြစ် ပြည်ခရိုင်တရားရုံးတွင် တရားလိုပြသက်သေ မထွေးမွန်ကျော် နှင့် မမူမူချို ၂ ဦးကို စစ်ဆေးခဲ့ပြီး တရားရုံးစစ်ချက်ကို အားရကျေနပ်မှုမရှိဟု ဦးတင်ရွှေကဆိုသည်။
"တရားရုံးစစ်ချက်ကို ကျေနပ်မှုမရှိဘူး။ ဒီနေ့စစ်တဲ့ နှစ်ယောက်ကလည်း မကျေနပ်ဘူး။ ကျနော့် သားမက်ကလည်းမကျေနပ်ဘူး"ဟု ဦးတင်ရွှေက ပြောသည်။
အဆိုပါအမှုသည် ၂၀၁၆ စက်တင်ဘာ ၃၀ ရက်က ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာနေ အသက် ၂၁ နှစ်အရွယ် မဝတ်ရည်ခင်ဆိုသူ မိန်းကလေးတစ်ဦးသည် ဥသျစ်ပင် အမှတ်၆၀၁ ဒုံးတပ်ရင်း၏ အနောက်မြောက်ထောင့် ကြက်ခြံအနီး လျိုငယ်ချောင်းထဲတွင် သေဆုံးခဲ့သည်။ မိန်းကလေးထံတွင် ပါသွားသောဆိုင်ကယ်၊ ဖုန်း၊ လက်စွပ်၊ နားကဒ်၊ ဆွဲကြိုးတို့ကို အလောင်းနှင့်အတူ မတွေ့ရခဲ့ပေ။
ရဲတပ်ဖွဲ့ ၏ စစ်ဆေးပေါ်ပေါက်ချက်အရ အမှတ် ၂၀၃၄ လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်သားထွန်းထွန်းနိုင်ကို ပုဒ်မ ၃၀၂/ ၃၇၆/ ၃၇၇/၃၉၂ လူသတ်မှု၊ အဓမ္မမှု၊ ပစ္စည်းလုယက်မှုများဖြင့် အမှုဖွင့် ဖမ်းဆီးကာ ပြည်ခရိုင်တရားရုံးတွင် ရာကြီးမှု အမှတ် ၄၂ /၂၀၁၆ ဖြင့် စစ်ဆေးနေသည်။
သို့သော် သူမ၏ ခင်ပွန်း နှင့် နောက်ဆုံးဖုန်းအဆက်အသွယ််တွင် မိန်းကလေးဘက်ခြမ်းမှ အခြားလူနှစ်ဦးသုံးဦး၏ စကားသံများ ထွက်ပေါ်နေခြင်း၊ အလောင်းတွေ့နေရာတွင် သွေးစွန်းကွက်များ မကျန်ခဲ့ဘဲ အလောင်းအားရွှေ့ပြောင်းသယ်ဆောင်သည်ဟု ယူဆရသော ဆာလာအိပ်ခွံများနှင့် ဝါးဆစ်ပိုင်းတို့ကိုတွေ့ရခြင်း၊ သတ်ရာပါ ရွှေထည်များကို ပေါင်နှံသူ မှာ နှစ်ဦးဖြစ်နေခြင်း၊ သေဆုံးသူမိန်းကလေး၏ ဆိုင်ကယ်ကို ပြစ်မှုကျူးလွန်သူ၏ တပ်ရင်းတွင်မတွေ့ရဘဲ အမှတ် ၆၀၁ ဒုံးတပ်ရင်းမှသိမ်းဆည်းရမိခြင်း၊ ရဲအရာရှိများ၏ မူလပြောစကားများတွင် သတ်သူသုံးဦးဟု ခန့်မှန်းပေးထားခြင်းစသည့် အချက်များကြောင့် ဆက်စပ်တရားခံများကို ဖော်ထုတ်ရန် သေသူ၏ မိသားစုက တောင်းဆိုထားသည်။
ဆက်ဆက်တရားခံများဖော်ထုတ်ပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးများသို့ တင်ပြထားရာ ဇန်နဝါရီ လ ၁၄ ရက်တွင် ပြည်ခရိုင်ရဲတပ်ဖွဲ့ ယာယီရဲမှူး သန်းထွန်းအောင် နှင့် အဖွဲ့က စစ်ဆေးခဲ့သေးသည်။