စတော့ဟုမ်း တိုက်ခိုက်မှုအတွက် နောက်ထပ် သံသယရှိရသူတစ်ဦးအား ဆွီဒင်ဖမ်းဆီး

စတော့ဟုမ်း တိုက်ခိုက်မှုအတွက် နောက်ထပ် သံသယရှိရသူတစ်ဦးအား ဆွီဒင်ဖမ်းဆီး

  ဧပြီ ၂၄ ။            ။ စတော့ဟုမ်းမြို့တွင် ကုန်တင်ကားတစ်စီးဖြင့် ၀င်တိုက်ခဲ့သော တိုက်ခိုက်မှုအတွက် သံသယရှိရသူ နောက်ထပ် တစ်ဦးကို ဆွီဒင်ရဲများက ဖမ်းဆီးခဲ့ကြောင်း အစိုးရရရှေ့နေများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်တွင် ကုန်တင်ကားတစ်စီးသည် ပြီးခဲ့သော ဧပြီလ ရ ရက်နေ့က လူရှုပ်ထွေးလျက်ရှိနေသော စတော့ဟုမ်းမြို့လယ်ခေါင်ရှိ စျေးဝယ်လမ်းထဲသို့ အရှိန်ဖြင့် ၀င်ရောက်ကာ လမ်းသွားလမ်းလာ တစ်ပြံုကြီးအား ၀င်တိုက်ခဲ့ပြီး ဆွီဒင်နိုင်ငံသား ၂ ဦးအပါအဝင် ဗြိတိန်နိုင်ငံသားတစ်ဦးနှင့် ဘယ်လ်ဂျီယံနိုင်ငံသား တစ်ဦးတို့ သေဆုံးခဲ့သည်။

ထိုဖြစ်ရပ်အတွက် ဖမ်းဆီးခံထားရသော အသက် ၃၉ နှစ်အရွယ်ရှိ ဥစ္စဘတ်နိုင်ငံသားဖြစ်သူ ရက်ခ်မတ်အက်ကီလော့ဗ်က သူသည် ခိုးယူလာသော ကုန်တင်ကားတစ်စီးကို မောင်းနှင်ခဲ့ကြောင်း ထွက်ဆိုခဲ့ သော်လည်း စုံစမ်းစစ်ဆေးသူများက အခြားဖြစ်နိုင်ချေရှိသည့် ကြံရာပါများကို ဆက်လက်ရှာဖွေလျက်ရှိသည်။

အမည်မသိရသော နောက်ထပ်သံသယရှိရသူတစ်ဦးကို ပြီးခဲ့သော တနင်္ဂနွေနေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့ပြီး ယခုအချိန်တွင် နောက်ထပ် သတင်းအချက်အလက်များကို မဖော်ပြ နိုင်သေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုသံသယရှိရသူအား ချုပ်မိန့်ဖြင့် တရားဝင် ထိန်းသိမ်းထားမလားဆိုတာကို လာမည့် ဗုဒ္ဓဟူးနေ့အထိ စစ်ဆေး ဆုံးဖြတ်သွားမည်ဖြစ်သည်။

ဆွီဒင်ရဲတပ်ဖွဲ့က ၄င်းတို့သည် ပဏာမ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက်တွင် ဆွီဒင်လုံခြံုရေးတပ်ဖွဲ့ များနှင့်အတူ သံသယရှိရသူကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုက်စ်၊ ဘာလင်နှင့် လန်ဒန်မြို့များတွင် ဖြစ်ပွားခဲ့သော ကုန်တင်ယာဉ်ဖြင့် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် တူညီသော ယခုဖြစ်ရပ်အတွက် မည်သည့် အကြမ်းဖက်အဖွဲ့အစည်းကမှ ၄င်းတို့ ကျူးလွန်ခြင်းဖြစ်ကြောင်း ထုတ်ဖော်မပြောကြားရသေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags