မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်း ၅ ခုကို ချိတ်ဆက်ပြေးဆွဲပေးမည့် ယာဉ်လိုင်များလိုအပ်

မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်း ၅ ခုကို ချိတ်ဆက်ပြေးဆွဲပေးမည့် ယာဉ်လိုင်များလိုအပ်

မန္တလေး၊ ဧပြီ ၂၄ ။                 ။ မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်းငါးခုကို ချိတ်ဆက်ပေးသည့် လိုင်ကားများပြေးဆွဲပေးရန် လိုအပ်လျှက်ရှိသည်ဟု သီရိမန္တလာယာဉ်ရပ်နားစခန်း၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးတင်စိုးက မဇ္ဈိမကိုပြောသည်။

ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြံုစိတ်ချစွာသွားလာနိုင်ရေးအတွက် ယာဉ်ရပ်နားစခန်း တစ်နှင့်တစ်ခု ချိတ်ဆက်ပြေးဆွဲပေးမည့် ယာဉ်လိုင်းများ လိုအပ်ခြင်းဖြစ်သည်။

"သီရိမန္တလာ ကားကြီးကွင်းကို မကွေးတိုင်းကလာမယ်။ ပေါက်တို့၊ ကံမ္မတို့ဘက်ကလာမယ်။ သီရိမန္တလာကိုရောက်ပြီ။ သူက မူဆယ်ကိုသွားမယ်။ မူဆယ်ကိုသွားမယ်ဆိုတော့ ကျွန်တော်တို့ဆီမှာမရှိဘူး။ မူဆယ်ကို သွားမယ့် ကားကြီးကွင်းက ဘယ်မလဲဆိုတော့ ပြည်ကြီးမျက်ရှင် ဟိုကလာတာမှ ကားခက လေးငါးခြောက်ထောင်၊ ဒီကနေ့ သီရိမန္တလာကိုရောက်ပြီး ပြည်ကြီးမျက်ရှင်ကို သွားမယ်ဆိုရင်၊ ဆိုင်ကယ်တက္ကစီငှားမယ်ဆိုရင် ရိုးရိုးသားသား သမာသမတ်ကျတဲ့ တက္ကစီသမားဆိုရင် အကြောင်းမထူးပေမယ့် ခရီးသွားလုပ်သားပြည်သူအပေါ်မှာ လိမ်လည်လှည့်ဖျားပြီးတော့ ညစ်ပတ်ပြီးတော့ တောင်းယူတဲ့ဆိုင်ကယ်သမားနဲ့တွေ့တဲ့အခါ ခရီးသွားပြည်သူတွေဟာ မျက်ရည်နဲ့မျက်ခွက် ဖြစ်ခဲ့ရပေါင်းများပြီ။ ကျွန်တော်တို့လိုချင်တာက သီရိမန္တလာကားကွင်းရောက်တဲ့သူက ပြည်ကြီးမျက်ရှင်သွားမယ်ဆိုရင် လိုင်းကားတွေချိတ်ဆက်ပေးထားရမယ်။ နောက်တစ်ခု သီရိမန္တလာရောက်ပြီ ကျွဲဆည်ကန်သွားချင်တယ် ချိတ်ဆက်ထားတဲ့လိုင်းကား ထားပေးရမယ်။"ဟု ဦးတင်စိုးက ပြောသည်။

နယ်မှရောက်လာသည့် ခရီးသည်အများစုမှာ ယာဉ်ရပ်နားစခန်းတစ်ခုနှင့်တစ်ခုကူးပြောင်းရန်အတွက် အငှားဆိုင်ကယ်နှင့် အငှားကားများသာအသုံးပြုနေရသောကြောင့် ငှားရမ်းခများ အဆမတန်   ပေးနေရသလို တစ်ချို့ မသမာသည့် အငှားဆိုင်ကယ်နှင့် ကားသမားများကြောင့် မလိုလားအပ်သည့် ပြဿနာများလည်း ဖြစ်ပွားလျက်ရှိသည်ဟု ဦးတင်စိုးကဆိုသည်။

သီရိမန္တလာယာဉ်ရပ်နားစခန်းတွင် ဆိုင်ကယ်အငှားလိုက်သူတစ်ဦးဖြစ်သူ ကိုနန္ဒက "ကျွန်တော်တို့လို ပင်တိုင်ဒီမှာ ဂိတ်ထိုးပြီးလိုက်တဲ့သူက ပြဿနာမရှိပါဘူး။ ပျံကျလာပြီး လုပ်သွားတဲ့သူတွေကြောင့် လုယက်မှုတွေ၊ ငွေပိုတောင်းတာတွေဖြစ်နေတာပါ။"ဟုပြောသည်။

ကလေးမြို့မှ သီရိမန္တလာကားကြီးကွင်းသို့ ရောက်ရှိနေသူ ကိုသူရက "ရန်ကုန်ဆက်သွားမှာဆိုတော့ ကျွဲဆည်ကန်(ချမ်းမြရွှေပြည်)ကို သွားရမှာပါ။ ဆိုင်ကယ်ငှားတာ ၆၀၀ ၀တောင်းနေလို့   နောက်တစ်စီးရှာနေတယ်။ လိုင်းကားတွေထားပေးရင် အဆင်ပြေတာပေါ့။"ဟု ပြောသည်။

မန္တလေးမြို့တွင် သီရိမန္တလာယာဉ်ရပ်နားစခန်း၊ မဟာအောင်မြေယာဉ်ရပ်နားစခန်း၊ ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားစခန်း၊ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း၊ ဒေါနဘွားယာဉ်ရပ်နားစခန်းဟူ၍ ယာဉ်ရပ်နားစခန်း ၅ ခုရှိသည်။ အဆိုပါယာဉ်ရပ်နားစခန်း ၅ ခုကိုချိတ်ဆက်ပြေးဆွဲပေးမည့် ယာဉ်လိုင်များရှိလာစေရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှှ စီစဉ်ဆောင်ရွက်ပေးစေချင်သည်ဟု သီရိမန္တလာယာဉ်ရပ်နားစခန်း၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးတင်စိုးကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly