အန်ဒါလက်ချ်နှင့်ပွဲတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ် ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ အနားယူရနိုင်

အန်ဒါလက်ချ်နှင့်ပွဲတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ် ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ အနားယူရနိုင်

ဧပြီ ၂၂၊ အင်္ဂလန် ။            ။ မန်ယူအသင်းက အန်ဒါလက်ချ်အသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မတော်တဆ ဒူးဒဏ်ရာရရှိခဲ့တဲ့ မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ အနားယူရဖွယ်ရှိနေပါတယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

အီဗရာဟီမိုဗစ်ဟာ ခေါင်းခုန်တိုက်ပြီး ပြန်အကျမှာ အကျမတော်ပဲ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဒူးအရွတ်မှာ ပြင်းထန်တဲ့ဒဏ်ရာရရှိသွားတာကြောင့် မန်ယူအသင်းရဲ့လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်ရပြီဖြစ်သလို ၂၀၁၇ ခုနှစ် နှစ်အကုန်အထိအနားယူရဖို့ ရှိနေပါပြီ။

မိုဗစ်ဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲပေါင်းစုံ ၂၈ ဂိုးအထိသွင်းယူပေးထားသူ ဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်မှာ အဆင့်လေးအတွင်းဝင်ဖို့နဲ့ ယူရိုပါလိဂ်ဖလားရရှိဖို့ ကြိုးစားနေတဲ့ မန်ယူအသင်းအတွက်တော့ မိုဗစ်ဒဏ်ရာရရှိခဲ့မှုက ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ရပါပြီ။ ဒါ့အပြင် စာချုပ်သစ်ချုပ်ဆိုဖို့အတွက်လည်း စဉ်းစားစရာတွေ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုကတော့ ‘ကျွန်တော်တို့အသင်းကတော့ ဒုက္ခတွေ့နေပါပြီ။ လက်ရှိမှာ ဘိုင်လီက ခြောက်ပွဲဆက်တိုက်ကစားထားရသလို ရိုဟိုကလည်း ဒဏ်ရာရရှိနေပါတယ်။ ဒါ့အပြင် ဖေးလ်ဂျူံးစ်နဲ့ စမောလင်းတို့ကလည်း မကစားနိုင်သေးပါဘူး။

မိုဗစ်ကိုပါ ထပ်ဆုံးရှုံးလိုက်ရတော့ တော်တော် အခက်အခဲဖြစ်သွားပါပြီ။ ရာသီမကုန်ခင်မှာတော့ ရွန်နီနဲ့ မာတာတို့ကို ပြန်အသုံးပြုနိုင်ဖို့တော့ ရှိပါတယ်’ လို့ ဆိုခဲ့ပါတယ်။

အန်ဒါလက်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ မန်ယူအသင်းအတွက် ဂိုးတွေကို အမ်ခီတာရန်နဲ့ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ကြပါတယ်။

မန်ယူအသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ စပိန်ကလပ်ဆယ်လ်တာဗီဂိုအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly