၀န်ကြီးချုပ်ကို ခြစားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားဖို့ ပါကစ္စတန်တရားရုံး အမိန့်ထုတ်

၀န်ကြီးချုပ်ကို ခြစားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားဖို့ ပါကစ္စတန်တရားရုံး အမိန့်ထုတ်

ဧပြီ ၂၂ ။                ။ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေ ထွက်ပေါ်ထားတာနဲ့ပတ်သက်လို့ ၀န်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်ကို စုံစမ်းစစ်ဆေးသွားဖို့ ပါကစ္စတန် တရားလွှတ်တော်ချုပ်က ညွှန်ကြားလိုက်ပြီ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အတိုက်အခံတွေဘက်က တောင်းဆိုထားတဲ့အတိုင်း ၎င်းကို ရာထူးက ဖြုတ်ချဖို့အတွက်ကတော့ ယခုအချိန်ထိ လုံလောက်တဲ့သက်သေအထောက်အထားမရှိသေးဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်တာကြောင့် ၀န်ကြီးချုပ် နာဝက်ဇ်တစ်ယောက် လက်တလောမှာ သက်သာရာရသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ၎င်းပါ၀င်ပတ်သက်နေတယ်ဆိုတဲ့ ယင်း ခြစားမှုစွဲချက်တွေနဲ့စပ်လျင်းလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စစ်ဖို့ တရားရုံးချုပ်က ညွှန်ကြားလိုက်ပြီ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ ၀န်ကြီးချုပ်  နာဝက်ဇ်နဲ့ ၎င်းရဲ့ သားသမီးတွေဟာ ခြစားမှုအရှုပ်အရှင်းတွေမှာ ပါ၀င်ပတ်သက်ထားတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေလျက်ရှိပါတယ်။  ယခင်နှစ်ကလည်း ပနားမား စာတမ်းပေါက်ကြားမှုမှာလည်း ၎င်းတို့မိသားစု ပြည်ပက စီးပွားရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်တွေပါ ပေါက်ကြားခဲ့ပြီးနောက် ၎င်းကို ဖြုတ်ချဖို့ အတိုက်အခံအုပ်စုက အပြင်းအထန် ကြိးပမ်းလာနေခဲ့တာဖြစ်ပါတယ်။

ယခုအချိန်ကစလို့ ခြစားမှုတိုက်ဖျက်ရေးတာဝန်ရှိသူတွေနဲ့အတူ သြဇာကြီး ပြည်တွင်းထောက်လှမ်းရေးအဖွဲ့နဲ့ စစ်ဘက််ထောက်လှမ်းရေးတို့က တာဝန်ရှိသူတွေ ပူးပေါင်းပါ၀င်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးသွားဖို့ တရားလွွှတ်တော်ချုပ်က ညွှန်ကြားလိုက်ပါတယ်။ ယင်းစုံစမ်းရေးအဖွဲ့ဟာ ရက်ပေါင်း ၆၀ အတွင်း တွေ့ရှိချက်တွေကို အစီရင်ခံစာ တင်ရမှာဖြစ်ပါတယ်။

တရားလွှတ်တော်ချုပ် တရားသူကြီးငါးဦးအနက် နှစ်ဦးက ၀န်ကြီးချုပ် နာဝက်ဇ်အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ပြီး ၎င်းအနေနဲ့ ရာထူးကနေဆင်းပေးသင့်တယ်လို့ ပြောဆိုခဲ့ကြပေမယ့် အခြားတရားသူကြီး   တွေကတော့ သဘောမတူခဲ့ဘူးလို့လည်း သိရပါတယ်။

" ဒီစုံစမ်းစစ်ဆေးမှုတွေမှာ ကျွန်တော်တို့ အပြည့်အဝ ပူးပေါင်းပါ၀င်သွားမှာပါ၊ သံသယတွေ ရှင်းလင်းသွားတဲ့အထိ ပါ၀င်ကြိုးပမ်းပေးသွားမှာပါ" လို့လည်း ကာကွယ်ရေးဝန်ကြီး ခါ၀ါဂျာ အေဆစ်က   ပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly