မယ်ဇယ်ရနံ့တို့နှင့်အတူ ပျံ့လွင့်နေသည့် ဟံသာဝတီ ဦးဝင်းတင်၏ ဂုဏ်သတင်း

မယ်ဇယ်ရနံ့တို့နှင့်အတူ ပျံ့လွင့်နေသည့် ဟံသာဝတီ ဦးဝင်းတင်၏ ဂုဏ်သတင်း
ဓာတ်ပုံ - ဘိုဘို

မန္တလေး၊ ဧပြီ ၂၂ ။               ။ လေပြေသွဲ့သွဲ့နှင့်အတူ မယ်ဇယ်ရနံ့တို့သည်လည်း တောင်လေးလုံးကျောင်းတဝိုက် ထုံးသင်းလို့နေသည်။

ထို့အတူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ဂုဏ်သတင်းကလည်း တစ်နိုင်ငံလုံးတွင် ပျံ့လွင့်လို့နေသည်။

ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့တမ်းတကြသူများက သုံးနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ​တောင်လေးလုံးကျောင်းတိုက်၊ သူဌေးဘုရားရင်ပြင်တွင်​ ဧပြီလ ၂၁ ရက်နေ့၊ နံနက် ၉ နာရီက စတင်ကျင်းပခဲ့ကြသည်။

အောက်မေ့ဖွယ်အခမ်းအနားသို့ လာရောက်ကြသူများသည် နံနက် ၆ နာရီကပင် တစ်ဖွဲဖွဲ တောင်လေးလုံးကျောင်းတိုက်ကို ရောက်ရှိနေသည်။ လာရောက်ကြသူများကို သူဌေးဘုရားရင်ပြင်တွင် ထမင်းဆီဆမ်း၊ ဗူးသီးကြော်၊ သရက်ချဉ်၊ ပဲပုတ်ကျော်တို့ဖြင့် နံနက်စာအဖြစ် ဧည့်ခံလေသည်။

တောင်လေးလုံးကျောင်းတိုက်၊ သူဌေးဘုရားရင်ပြင်ပေါ်သို့တက်လိုက်သည်နှင့် ဟံသာဝတီ ဦးဝင်တင်၏ အထိမ်းအမှတ်ရုပ်တုကျောက်တိုင်ကို တွေ့ရမည်ဖြစ်သည်။ သူဌေးဘုရားရင်ပြင်တွင် ဟံသာဝတီ ဦးဝင်းတင်၏ အထိမ်းအမှတ် ရုပ်တုနည်းတူ ဆရာကြီးဒဂုန်တာရာ၊ ကဗျာဆရာလှသန်း၊ ကဗျာဆရာ အောင်ဘညို စသည့် စာပေပညာရှင်များ၏ အထိမ်းအမှတ်ကျောက်တိုင်များကိုလည်း   တွေ့ရမည်   ဖြစ်သည်။

တောင်လေးလုံးကျောင်းတိုက်သည် စာပေအနုပညာရှင်များ၏ ဘူမိနက်သန်ပင်ဖြစ်သည်။ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း၊ စာရေးဆရာ၊ သတင်းစာဆရာမကြီး လူထု ဒေါ်အမာ၊ ဆရာတော် ဦးပညာ စသည့် စာပေပညာရှင်များ၏ အထိမ်းအမှတ်ပွဲများလည်း ကျင်းပနေဆဲဖြစ်သည်။

မည်သည့်ပွဲကျင်းပခဲ့သည်ဖြစ်စေ ဆရာတော်ဦးပညာကို ဦးခိုက်ရစမြဲဖြစ်သည်။ ယခုအချိန်တွင် ဆရာတော် ဦးပညာလည်း ဘဝနတ်ထံပျံလွန်တော်မူသွားပြီဖြစ်သည်။

အောက်မေ့ဖွယ် အခမ်းအနားတွင် စာရေးဆရာ သင့်နော်က အခမ်းအနားအမှူးအဖြစ် ​ဆောင်ရွက်ခဲ့ပြီး စာရေးဆရာ မောင်သစ်လွင်(လူထု)၊ ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်)တို့က အောက်မေ့ဖွယ် အမှတ်တရ စကားများကို ပြောကြားကြသည်။

အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာသူ စာရေးဆရာ မောင်မိုးအောင်(ဆားလင်)က "ဆရာက နိုင်ငံရေးစိတ်ဓာတ်ပြင်းတယ်။ ယုံကြည်တာကိုလုပ်တယ်။ မယုံကြည်တာကို မလုပ်ဘူး။ ကျွန်တော်တို့က ဆရာဆီက ကောင်းမွေ ဘာရလဲဆိုတော့ ကိုယ်ယုံကြည်တာ လုပ်တယ်။ မယုံကြည်တာ မလုပ်ဘူး။ ဒါပဲကျွန်တော်တို့ ရတယ်။"ဟုပြောသည်။

ဟံသာဝတီ ဦးဝင်းတင်နှင့်သတင်းစာလောကကို အတူဖြတ်သန်းခဲ့သူ ဆရာ မောင်သစ်လွင် (လူထု)က " သံမဏိလူသားလို့ အားလုံးက အသိမှတ်ပြုထားတဲ့ အမှတ်တရနေ့လေးပေါ့။

သူဆုံးပါးသွားတဲ့​နေ့လေးကို မျိုးဆက်သစ်တွေက အောက်မေ့ဘွယ်နေ့လေးလုပ်ပေးတာ အလွန်အင်မတန်ကောင်းပါတယ်။ သူကိုယ်​တိုင်ကလည်း မျိုးဆက်သစ်တွေရဲ့ ဖခင်တစ်ယောက်လို့   ပြောလို့ရပါတယ်။ အခုလိုသာ သူမျိုးဆက်သစ်တွေကို တွေ့လိုက်မယ်ဆို ဘယ်လောက်များ ဝမ်းသာနေရှာမလဲလို့တွေးမိတယ်။"ဟုပြောသည်။

ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)ကလည်း ယနေ့ခေတ်တွင် ဟံသာဝတီ ဦးဝင်းတင်လို သတင်းစာဆရာမျိုး မရှိနိုင်တော့ကြောင်း၊ ၎င်းမရှိတော့ခြင်းမှာ သတင်းစာလောက အတွက်ရော၊   နိုင်ငံရေးလောက အတွက်ပါ ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

စာရေးဆရာ ဆူးဌက်က "ဟံသာဝတီ ဦးဝင်းတင်ဟာ သတင်းစာဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။သတင်းစာဆရာမှ ရဲရဲတောက် သံမဏိသတင်းစာဆရာကြီးပါ။"ဟုပြောသည်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ၁၉၃၀ ခုနှှစ်၊ မတ်လ ၁၂ရက်နေ့တွင် အဖ ဦးပု၊အမိ ဒေါ်အမာတို့က ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့ရာ မွေးချင်း သုံးယောက်အနက် အကြီးဆုံးသားဖြစ်သည်။

 ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပ္ပံ ဘာသာတွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။

ရန်ကုန်တက္ကသိုလ် နှစ်ပတ်​လည် မဂ္ဂဇင်းများတွင်​  ဝင်းတင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုတိုများရေးသားရင်း ကလောင်သွေးခဲ့သည်။ မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာတစ်​ဦး စသည့် ကလောင်ခွဲများဖြင့်လည်းရေးသားခဲ့သည်။

၁၉၅၃ခုနှစ်တွင် AFP နိုင်ငံခြား သတင်း ဌာန၌ ညအယ်ဒီတာ၊ ၁၉၅၀မှ ၁၉၅၄ခုနှစ်အထိ စာပေဗိမာန်၌ လက်ထောက် အယ်ဒီတာ၊ ၁၉၅၃ခုနှစ်တွင် ဒဂုန်တာရာ ဦးစီးထုတ်သည့် ဂန္ထဝင်ဂျာနယ်၌ လက်ထောက် အယ်ဒီတာ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့သို့ ပုံနှိပ်ထုတ်ဝေ ပညာသင်အဖြစ်သွားရောက်ခဲ့ပြီး ၎င်းနိုင်ငံမှာပင် "ဒို့ပြည် သတင်း" သတင်းလွှာကို ထုတ်​ဝေခဲ့သည်။

၁၉၅၇ခုနှစ်တွင် ကြေးမုံအယ်ဒီတာ၊ ပြည်သူ့အိုးဝေ တာဝန်ခံ အယ်ဒီတာအဖြစ်ဆောက်ရွက်ခဲ့ပြီး ၁၉၅၉ခုနှစ်တွင် စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၉ခုနှစ်၊ မန္တလေး၌ ထုတ်ဝေသည့် ဟံသာဝတီ သတင်းစာတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ခုနှစ်တွင် စာနယ်ဇင်းသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး ဆန္ဒဖော်သံ သတင်းစာကို ထုတ်ဝေခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်၊ အတွင်းရေးမှူးအဖြစ် ​ဆောင်ရွက်ခဲ့သည်။

၁၉၈၉ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ အင်းစိန်ထောင်တွင် အစာငတ်ခံတိုက်ပွဲဝင်ခြင်း၊ အပတ်စဉ်မှတ်တမ်းလွှာ ထုတ်ဝေခြင်း၊ ကမ္ဘာကြီးသို့ ပန်ကြားချက်ရေးသားခြင်း၊ ထောင်တွင်းညှင်းပန်းနှိပ်စက်မှုမျက်မြင် အထောက်မထား စာတမ်းရေးသားကာ ကုလသမ္မဂ္ဂလူ့အခွင့်ရေးကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကော်မရှင်သို့ လျှို့ဝှက်ပေးပို့ခြင်း တို့ကိုဆောင်ရွက်ခဲ့သည်။

၂၀၁၁ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ၊ ဒီလှိုင်းစာစောင် ဦးစီးပဲ့ကိုင်အဖြစ် ဆောင်ရွက်ခဲ့ကာ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို ထူထောင်ခဲ့သည်။

နိုင်ငံတကာမှပေးအပ်သည့် ဂုဏ်ပြုဆုများရရှိခဲ့သည့်အပြင် ပြင်သစ်နိုင်ငံမှ လမ်းတစ်လမ်းကိုလည်း "ဝင်းတင်"လမ်းဟု သတ်မှတ်ဂုဏ်ပြုထားသည်။

ဟံသာဝတီ ဦးဝင်းတင်၏ ထင်ရှားသော စာအုပ်များမှာ ကမ္ဘာနီတွင် တဒင်္ဂ၊ အလှရှာပုံတော်၊ ခြေမှာစကား လက်ဖျားကဗျာ မျက်နှာ ဇာတ်လမ်း၊ ကွိ၊ ဥတ္တရအလင်း၊ ဘာလဲဟဲ့လူ့ငရဲ စသည်တို့ဖြစ်သည်။

၂၀၁၄ခုနှစ်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကို စာနာသောအားဖြင့် ထောင်ဝတ်စုံအပြာကိုသာ ဝတ်ဆင်​လေ့ရှိခဲ့သည်​။

ဆရာကြီးသည်​ ၂၀၁၄ခုနှစ်​၊ ဧပြီလ ၂၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

၂၀၁၇ခုနှစ်​၊ ဧပြီလ ၂၁ရက်​က မန္တ​လေးမြို့တောင်လေးလုံးကျောင်းတိုက်၊ သူဌေးဘုရားရင်ပြင်တွင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဆုံးပါးခဲ့သည်​့ ၃နှစ်​ပြည်​့ နှစ်​ပတ်​လည်​ အောက်မေ့ဖွယ် ဂုဏ်သတင်းပြောဆိုသံများသည် မယ်ဇယ်ရနံ့တို့နှင့်အတူ ပျံ့လွင့်လျှက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly