ပြံုယမ်း၊ ဧပြီ ၂၂ ။ ။ ဥရောပသမဂ္ဂ အီးယူအနေဖြင့် အမေရိကန်၏ သဘောထားရပ်တည်ချက်မျိုး မထားရှိလျှင် ကိုရီးယားကျွန်းဆွယ်အရေး၌ ကြားဝင်ဖြန်ဖြေသူအဖြစ် အဓိကအခန်းကဏ္ဍမှ ပါ၀င်နိုင်ကြောင်း စပိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးက EFE နှင့် ဧပြီ ၂၁ ရက် အင်တာဗျူးတွင် ပြောလိုက်သည်။
မြောက်ကိုရီးယားနိုင်ငံသည် ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေတပ်သင်္ဘောအုပ်စု စေလွှတ်မည်ဟု ခြိမ်းခြောက်လိုက်ရာ ပြံုယမ်းနှင့် ၀ါရှင်တန်ကြား စစ်ရေးခြိမ်းခြောက်မှုများနှင့် စစ်ရေးပြမှုများဖြင့် တင်းမာမှုများ မြင့်တက်နေသည်။
“ကိုရီးယားကျွန်းဆွယ်အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး၊ တင်းမာမှုတွေ လျှော့ပါးရေးတို့မှာ အီးယူအနေနဲ့ အဓိက အခန်းကဏ္ဍကနေ ပါ၀င်နိုင်ပါတယ်။”ဟု သံအမတ်ကြီး Kim Hyok Chol က EFE သို့ ပြောသည်။
သို့သော် အီးယူအနေဖြင့် အမေရိကန်၏ ပေါ်လစီနှင့် ခပ်ခွာခွာ ရပ်တည်ရမည် ဖြစ်သကဲ့သို့ ပြံုယမ်းဖက်က အမြင်သဘောထားကိုလည်း ပို၍ အလေးထားအာရုံစိုက်ရမည်ဟု ၎င်းက ဆိုသည်။
အီးယူအဖွဲ့၏ အမေရိကန်နှင့် နိုင်ငံရေး နီးစပ်နေခြင်းက မြောက်ကိုရီးယား၏ ယင်းအဖွဲ့နှင့် ဆက်ဆံရေး ဖွံ့ဖြိုးမှုသို့ ဦးတည်ထားခြင်းကို ယိုင်နဲ့စေလျက်ရှိကြောင်းလည်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ကာလများအတွင်း၌လည်း အီးယူသည် အမေရိကန်၏ နောက်က အစဉ်လိုက်လျက်ရှိနေခဲ့ပြီး အမေရိကန်၏ တစ်သံတည်းကိုသာ နားထောင်နေခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။