ဆိုင်ကလုန်းမုန်တိုင်းအတွက် ရခိုင်ပြည်နယ်အစိုးရ ကြိုတင်ပြင်ဆင်ထား

ဆိုင်ကလုန်းမုန်တိုင်းအတွက် ရခိုင်ပြည်နယ်အစိုးရ ကြိုတင်ပြင်ဆင်ထား

ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ”(Maarutha) ဖြစ်ပေါ်မှုအခြေအနေအတွက် ရခိုင်ပြည်နယ်အစိုးရ ကြိုတင်ပြင်ဆင်ထားသည်ဟု ဧပြီလ ၁၆ ရက်က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ လျှပ်စစ်နှင့်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးတို့ ဦးဆောင်သောအဖွဲ့သည် ရမ်းဗြဲမြို့တွင် ရောက်ရှိအခြေပြုလျက်ရှိပြီး လိုအပ်ပါက ရွှေ့ပြောင်းရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ် ထောက်ပံ့ရေးစသည့် အလျင်အမြန်တုံ့ပြန်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စုဖွဲ့ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

သံတွဲ၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူခရိုင်များအတွက် ကယ်ဆယ် ရေးထောက်ပံ့ပစ္စည်းများကိုလည်း ကြိုတင်စုပုံထားရှိပြီး စစ်တွေ၊ သံတွဲ၊ မာန်အောင််၊ ဂွ၊ မြောက်ဦး၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ကြိုတင် သတိပြု ပြင်ဆင်နိုင်ရန် မုန်တိုင်းနှင့်ပတ်သက်၍ လိုက်လံအသိပေး ဆော်သြခြင်းများလည်း ဆောင်ရွက်လျက်ရှိပါသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက်(၃၆)နာရီအတွင်း မြန်မာနိုင်ငံ ကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်း ရပါသည်ဟု မိုးဇလမှ ယနေ့အစောပိုင်းတွင် ထုတ်ပြန်သည်။

ဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက် နှုန်း မှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်း ရပါသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီသည် မိုးကြိုကာလနှင့်မိုးတွင်းကာလများတွင်ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေး၊ ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများနှင့်ပတ်သက်၍ မတ်လ ၂၉ ရက်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအ‌ဝေး(၁/၂၀၁၇)ကို ကျင်းပကာ ဖြစ်ပေါ် လာနိုင်သည့်ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိရန် ကော်မတီ အဖွဲ့ဝင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်များသို့ လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေ အနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ထားသည့်အတွက်လည်း ပြည်သူများအနေဖြင့် အောက်ဖော်ပြပါကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အကြံပြုထားသည်။

(က)အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ထားပြီး လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။

( ခ) မိသားစုများကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်ဆုံရပ်သတ်မှတ်ထားပါ။

( ဂ) မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခန့်လုံခြုံသောအဆောက်အဦ၊ အမိုးအကာအောက်တွင်နေထိုင်ပါ။

(ဃ) ကမ်းခြေများတွင် ရောက်ရှိအပမ်းဖြေနေသူများသတိပြုနေထိုင်ပါ။

( င) မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားပါ။

( စ) ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ အကြားမှဖြတ်ကျော်ဝင်ရောက်ခဲ့သည့် O2Bမုန်တိုင်း၏အရှိန်ကြောင့် မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်တပြက်ရေဘေး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပေါ်ခဲ့သည့် အတွေ့အကြုံများရှိပြီးဖြစ်သည့်အတွက်လည်း ကုန်းတွင်း ပိုင်းဒေသများသည် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း နောက်ဆက်တွဲ ဘေးအန္တရာယ်များခံစားရနိုင်သဖြင့် ကြိုတင်သတိပြုရန်လိုအပ်ပါသည်။

(ဆ) တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများ အနီးနေထိုင်သူများအထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ရွှေ့ပြောင်းပါ။
( ဇ) မြစ်၊ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှခေတ္တရှောင်ရှား နေထိုင်ပါ။

ထို့ပြင် ပြည်သူများအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (Maarutha)အခြေအနေနှင့်ပတ်သက်၍ စဉ်ဆက် မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများ အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါ၀င်ဆောင်ရွက်ကြပါရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် (၂၄)နာရီဖွင့်လှစ်ထားရှိသော Call Centre ဖုန်းများဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇)တို့သို့ အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags