ခရီးသည်ကို အတင်းအဓမ္မဆွဲချခဲ့သည့် ယူနိုက်တက် လေကြောင်းလိုင်း အကြီးအကျယ် ဝေဖန်ခံနေရ

ခရီးသည်ကို အတင်းအဓမ္မဆွဲချခဲ့သည့် ယူနိုက်တက် လေကြောင်းလိုင်း အကြီးအကျယ် ဝေဖန်ခံနေရ

အမေရိကန်၏ ယူနိုက်တက်လေကြောင်းလိုင်း ခရီးစဉ်တစ်ခုတွင် ခရီးသည်တစ်ဦးကို လုံခြံုရေးများက လေယာဉ်ပေါ်မှ အတင်းအဓမ္မ ဆွဲချခဲ့သည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပြီး ယင်းဖြစ်စဉ်ကို ရိုက်ကူးမှတ်တမ်းတင်ထားသည့် ဗီဒီယိုတစ်ခုလည်း ထွက်ရှိလာခဲ့သည်ဟု သိရသည်။ ယခုအခါ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ယင်းလေကြောင်းလိုင်းအပေါ် အကြီးအကျယ် ဝေဖန်မှုများရှိနေခဲ့ကြောင်း သိရသည်။

ယင်းလုပ်ရပ်ကြောင့် ယခုအခါ အဆိုပါ လေကြောင်းလိုင်းမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုများ ရှိခဲ့ကြောင်း စွဲချက်များထွက်ပေါ်ခဲ့ပြီးနောက် ယင်းလေကြောင်းလိုင်းက သပိတ်မှောက်ဆန့်ကျင်ရန် အွန်လိုင်းပေါ်တွင် တိုက်တွန်းနှိုးဆော်မှုများ ပေါ်ပေါက်ခဲ့သည်။

ဗီဒီယိုပြကွက်များထဲတွင် တရုတ်နွယ်ဖွား ခရီးသည်တစ်ဦးကို ၎င်း၏ ထိုင်ခုံမှ အတင်းဆွဲခေါ်ဖယ်ထုတ်ခံရပုံကို တွေ့မြင်ခဲ့ရပြီးနောက် ကြည့်ရှုသူများက အမျက်ဒေါသထွက်ခဲ့ကြရသည်။

ဧပြီ ၉ ရက်က Chicago မှ Louisville သို့ ပျံသန်းမည့် ခရီးစဉ် မထွက်ခွာမီ ယင်း ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ယင်းခရီးစဉ်မျိုးကိုမူ ဒေသတွင်း လေကြောင်းလိုင်းရှစ်ခုအနက်မှ တစ်ခုက ယူနိုက်တက်နှင့် ပူးပေါင်းပြေးဆွဲပျံသန်းနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖြစ်စဉ်တွင် ခရီးစဉ်အတွင်း ထိုင်ခုံအရေအတွက် ပိုရောင်းထားမိသဖြင့် ခရီးသည်တစ်ချို့ကို ပြန်ဆင်းပေးရန် လေယာဉ်အမှုထမ်းများက မေတ္တာရပ်ခံတောင်းဆိုခဲ့့သော်လည်း မရသဖြင့် ရဲကို ခေါ်ကာ အတင်းအဓမ္မနည်းဖြင့် ဖြေရှင်းခဲ့ရခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

ဆက်လက်၍ ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းအတွက် တောင်းပန်ကြောင်း လေကြောင်းလိုင်း စီအီးအိုက ထုတ်ပြန်ပြောကြားထားခဲ့သည်။

အွန်လိုင်းပေါ်သို့ ရောက်ရှိလာသည့် ဗီဒီယိုထဲတွင် Chicago လေကြောင်းရဲဌာနမှ ရဲသုံးဦးတို့ လေယာဉ်ပေါ်၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတို့ ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ပြီး ၎င်းအမျိုးသားအား အတင်းဆွဲချသွားပုံကို မြင်တွေ့ခဲ့ရသည်။

ယင်းဗီဒီယိုကို တရုတ်တို့၏ Sina Weibo ကဲ့သို့ ဆိုဒ်ပေါ်သို့ ပြန်တင်ခဲ့ရာတွင် ကြည့်ရှုသူ သန်း ၁၂၀ ကျော်ခဲ့ပြီး ကောမန့်ရေးသားသူ ၈ သောင်းကျော်ထိ ရှိခဲ့သည်။

Chicago လေကြောင်းရဲဌာနက ထုတ်ပြန်ရာတွင်မူ ယခုကဲ့သို့ရဲဝန်ထမ်းများ၏ လုပ်ရပ်မှာ ၎င်းတို့၏ လုပ်နည်းကိုင်နည်းများနှင့် ဆန့်ကျင်ကွဲလွဲနေခဲ့ကြောင်း၊ အဖြစ်မှန်ကို မှန်မှန်ကန်ကန်ပြန်လည်သုံးသပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly