ဗင်နီဇွဲလားနိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်သည့် ဆန္ဒပြပွဲများ၌ လူပေါင်း ၂၀၀ ကျော်ထက်မနည်း ဒဏ်ရာရ

ဗင်နီဇွဲလားနိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်သည့် ဆန္ဒပြပွဲများ၌ လူပေါင်း ၂၀၀ ကျော်ထက်မနည်း ဒဏ်ရာရ

ကာရာကတ်စ်၊ ဧပြီ ၁၁ ။               ။ ဗင်နီဇွဲလားနိုင်ငံက ပြည်နယ်များစွာတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေရာ ရဲနှင့် ထိပ်တိုက်တွေ့မှုများကြောင့် ဧပြီ ၁၀ ရက်တွင် ဆန္ဒပြပြည်သူ ၂၀၀ ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း အတိုက်အခံလွှတ်တော်အမတ် ဂျိုဆေးမန်နျူရယ်အိုလီဗာရီက ပြောသည်။

“နိုင်ငံတစ်ဝှမ်းက ပြည်နယ်တစ်ချို့မှာ ဆန္ဒပြသူတွေကို ခဲစေ့ကျည်ငယ် သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နင်းလို့ ထိခိုက်ဒဏ်ရာရသူ ၂၀၀ ကျော်သွားပြီဖြစ်တယ်။”ဟု အိုလီဗာရီက သတင်းစာရှင်းလင်းပွဲ၌   ပြောသည်။

ထိုပြင် အိုလီဗာရီက “တနင်္လာနေ့က ဆန္ဒပြပွဲ  နှိမ်နင်းမှုဟာ ဝမ်းနည်းစရာ၊ ရှက်စရာ ကောင်းသလို ရက်စက်တဲ့ အာဏာရှင်မျက်နှာဖုံးကို ခွာချပြလိုက်တာလည်းဖြစ်တယ်။ ဖိနှိပ်ချုပ်ချယ်မှုကို   တွေ့လိုက်ရတာပဲဖြစ်တယ်။”ဟု ပြောသည်။

မတ် ၂၉ ရက်က အစိုးရသစ္စာခံများ အများအပြား ပါဝင်နေသည့် ဗင်နီဇွဲလားတရားရုံးချုပ်က ဗင်နီဇွဲလားအမျိုးသားလွှတ်တော်လက်အောက်ရှိ လုပ်ပိုင်ခွင့်အာဏာအားလုံးကို လွှဲယူကြောင်း စီရင်ချက် ချခဲ့သည်။

ထိုအတွက် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ရာ သုံးရက်မြောက်တွင် တရားရုံးချုပ်က ၎င်း၏ စီရင်ချက်အား ပြန်လည် ပြင်ဆင်ခဲ့ရသည်။ ဆန္ဒပြသူများက တရားရုံးချုပ် တာဝန်ရှိသူများကို ဖယ်ရှားရန်   တောင်းဆိုကြခြင်းဖြစ်သည်။

ဧပြီ ရ ရက်တွင် အစိုးရက လူကြိုက်များသော အတိုက်အခံခေါင်းဆောင် ဟန်ရစ်ကာပရေးအား နိုင်ငံရေးနယ်ပယ်မှ ၁၅ နှစ် ပိတ်ပင်ကြောင်း ဆုံးဖြတ်ချက် ချလိုက်ပြန်ရာ အတိုက်အခံများအတွက် စိတ်ဆိုးဒေါသထွက်စရာဖြစ်ခဲ့သည်။

လွှတ်တော်အမတ် နှစ်ကြိမ်အရွေးခံရသူ မီရန်ဒါပြည်နယ်အုပ်ချုပ်ရေးမှူး ဟန်ရစ်သည် ဗင်နီဇွဲလားဆိုရှယ်လစ်အစိုးရအား အတိုက်အခံလုပ် ဝေဖန်မှုများဖြင့် လူကြိုက်များသော နိုင်ငံရေးသမားဖြစ်သည်။

အစိုးရက အာဏာရှင် အမူအကျင့် ပြန်လည်ကျင့်ကြံလာပြီး ဆန္ဒပြသူများအပေါ်လည်း မလိုအပ်ဘဲ အင်အားသုံးကြောင်း ဟန်ရစ်က ဧပြီ ၈ ရက်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags