ကယ်လီဖိုးနီးယားရှိ မူလတန်းကျောင်းမှာ ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံး

ကယ်လီဖိုးနီးယားရှိ မူလတန်းကျောင်းမှာ ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံး
(ဓာတ်ပုံ - AFP)

တနင်္လာနေ့က ကယ်လီဖိုးနီးယားပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းဆီ လူတစ်ဦး လမ်းလျှောက်လာပြီး ကျောင်းဆရာမတစ်ဦးကို ပစ်ခတ်သွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နောက်ပိုင်းမှာတော့ သေနတ်သမားဟာ သူ့ကိုယ်သူ ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

လော့စ်အိမ်ဂျလိစ်ရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အကွာ စန်ဘာနာဒီနိုရှိ North Park မူလတန်းကျောင်းရှိ စာသင်ခန်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကလေး နှစ်ဦး ဒဏ်ရာရှိခဲ့ပြီး အဲဒီထဲက တစ်ဦးဟာ သေဆုံးသွားပါတယ်။ အဆိုပါကျန်ရှိတဲ့ ဒဏ်ရာရ ကျောင်းသားငယ် တစ်ဦးမှာလည်း စိုးရိမ်အနေအထားမှာရှိတယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် လူကြီး နှစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အသက် ၅၃ နှစ် သေနတ်သမား Cedric Anderson က ၎င်းရဲ့ဇနီး ကျောင်းဆရာမ Karen Elaine Smith ကို စာသင်ခန်းထဲမှာ အသေပစ်ခတ်သွားခဲ့ပြီး ကျောင်းဆရာမရဲ့ နောက်နားမှာရှိတဲ့ ကလေးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာကြောင့် တစ်ဦးမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။။

စုံစမ်းစစ်ဆေးသူများက တိုက်ခိုက်မှု အကြောင်းအရင်းသိရှိဖို့ ရှာဖွေနေကြပါတယ်။

မူလတန်းကျောင်းမှာသေနတ်သမားရဲ့ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းပေးပို့တာကို မနက် ၁၀း၃၀ မတိုင်ခင်မှာ အာဏာပိုင်တွေက လက်ခံရရှိခဲ့တယ်လို့ စန်ဘာနာဒီနိုယူနိုက်တက်ကျောင်း ခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

North Park မူလတန်းကျောင်းမှာ ကျောင်းသား ၅၃၀ ခန့် ရှိပြီး အများစုမှာ လက်တင်အမေရိကန်တွေဖြစ်ပါတယ်။ ကျောင်းကိုတော့ နောက်နှစ်ရက်အထိ ပိတ်ထားမှာဖြစ်တယ်လို့ ခရိုင်ကျောင်းက ပြောပါတယ်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ကယ်လီဖိုးနီးယားပြည်နယ် စန်ဘာနာဒီနိုမှာပဲ လူနှစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။

Ref; EFE_EPA, CNN, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly