သင်္ကြန်ကာလ အဝေးပြေး ကားလက်မှတ်စျေးကွက်၌ မှောင်ခိုရောင်းချမှုများရှိနေ

သင်္ကြန်ကာလ အဝေးပြေး ကားလက်မှတ်စျေးကွက်၌ မှောင်ခိုရောင်းချမှုများရှိနေ

ရန်ကုန်၊ ဧပြီ ၁၀ ။          ။ သင်္ကြန်ကာလအတွင်းတွင် အဝေးပြေး ကားလက်မှတ်များရောင်းချရာ၌ မှောင်ခိုရောင်းချမှုများ ထွက်ပေါ်နေသည်။ ရန်ကုန်မြို့မှနယ်ကို ပြန်သည့်ခရီးသွားများပြားမှုကြောင့် အဝေးပြေးကားလက်မှတ်များဝယ်ယူရ ခက်ခဲနေပြီး ကြိုတင်ဝယ်ယူရာ၌ အဆင်မပြေမှုများလည်း ရှိနေသည်။

သင်္ကြန်တွင်း မှောင်ခိုလက်မှတ်များ ထွက်လာသည့်အပေါ် JJ Express မှ Business Developement Manager ဒေါ်ကျော့ကျော့သက်က "ပွဲစားလို့ပဲ ပြောရမလားမသိဘူး အဲ့လိုတွေရှိတယ် ရှိတော့ ဘယ်ဂိတ်က လက်မှတ်ရောင်းပြီဆိုရင် လက်မှတ်ကို ဝယ်ထားလိုက်တယ် မောင်လေးရယ် ပုံမှန်လက်မှတ်တစ်စောင် နှစ်သောင်းဆိုလို့ရှိရင် နှစ်သောင်းနဲ့ ဆယ်စောင်ဝယ်ထားလိုက်တယ်ပေါ့ သူတို့က ဝယ်ထားပြီးတော့မှ အဲဒီလက်မှတ်ကို သူတို့က ဝင်းထဲမှာလိုက်ကြည့်တယ်ပေါ့နော် အိတ်လေးတွေဆွဲပြီးတော့ ဘယ်လက်မှတ်ရသေးလား တစ်ဂိတ်ဝင်တစ်ဂိတ် လိုက်မေးပြီဆိုရင်တော့ ဘယ်သွားမှာလဲ ဘယ်သွားမှာလဲ မန္တလေးသွားချင်လို့ အဲ့တာဆို ကျွန်တော့်ဆီမှာရှိတယ် ဘယ်ရွေ့ဘယ်မျှပေါ့ ခင်ဗျားရမလား ဒီမှာ ခုံနံပါတ်လည်းရှိတယ် လက်မှတ်လည်းရှိတယ် ခင်ဗျားယူမလား ဟုတ်ပြီယူမယ်ဆိုလို့ရှိရင် သူကရောင်းလိုက်တယ် အဲ့လိုမျိုးနဲ့ မှောင်ခိုစျေးကွက်က အဲဒီလိုသွားတာ"ဟု ဆိုသည်။

လက်မှတ်မရနိုင်သော ခရီးသည်တချို့အနေဖြင့် မှောင်ခိုလက်မှတ်ဝယ်ယူနေရခြင်းနှင့် ပတ်သက်၍ ခရီးသည် ဒေါ်မမမင်းက "မှောင်ခိုနဲ့ပတ်သက်ပြီး မဖြစ်စေချင်ဘူးပေါ့နော် ။ သာမန်စျေးနူန်းအတိုင်းပဲ ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက မရှိဆင်းရဲသားတွေလေ သာမန်လူတန်းစားတွေဆိုတော့ မှောင်ခိုနဲ့တွေ့တဲ့အခါကျရင် အဆင်မပြေမှုတွေဖြစ်တယ် ငွေရေးကြေးရေးခက်ခဲတယ်ပေါ့နော်။ ပြေပြေလည်လည်ပဲဖြစ်စေချင်ပါတယ် ကိုယ့်လိုပဲ"ဟု ပြောသည်။

ယခုနှစ်သင်္ကြန်ကာလတွင် မြိတ် ထားဝယ်-ကော့သောင်း ခရီးစဉ်များ၌ ယခင်နှစ်များကထက် ခရီးသည် နှစ်ဆ သုံးဆများလာကြောင်း Lucky Star ကားဂိတ်မှ ကိုဝင်းထိုက်အောင်က ပြောပါသည်။

"မှောင်ခိုစျေးကွက်ကတော့ အမြဲတမ်းရှိနေမှာပဲ ကျွန်တော်တို့ရောင်းတဲ့စျေးနဲ့ ကျွန်တော်တို့ကဘယ်သူလာလာ ရောင်းမှာပဲ အရေးကြီးတာက လက်မှတ်ပြည့်သွားဖို့အရေးကြီးတယ် သူ့ဘာသူ Black လာဝယ်တာတွေ မှောင်ခိုလာဝယ်တာတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူး ခရီးသည်တွေပေါ်မှာပဲ မူတည်တယ်ပေါ့"ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့်လ နောက်ဆုံးရက်သတ္တပတ်အတွင်း အဝေးပြေးကားခများ စျေးတင်မရောင်းရန် ရန်ကုန်သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က ညွန်ကြားချက်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly