လားရှိုးရှိ ဝ ဆက်ဆံရေးရုံးအား ရဲတပ်ဖွဲ့ ရှာဖွေစစ်ဆေးခြင်းအပေါ် ဝ ကန့်ကွက်စာထုတ်

လားရှိုးရှိ ဝ ဆက်ဆံရေးရုံးအား ရဲတပ်ဖွဲ့ ရှာဖွေစစ်ဆေးခြင်းအပေါ် ဝ ကန့်ကွက်စာထုတ်

ချင်းမိုင်၊ ဧပြီ ၁၀ ။        ။ ရှမ်းပြည်နယ် လားရှိူးရဲတပ်ဖွဲ့မှ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ ဝင်ရောက် ရှာဖွေစစ်ဆေးသည့်အပေါ် ဝ ပြည်သွေး စည်းညီညွတ်ရေးပါတီ(UWSP)က ကန့်ကွက်လိုက်သည်။

"ဧပြီလ ၈ ရက်က ဝ အဖွဲ့၏ ညှိနှိုင်းခြင်း၊ အရေးဆိုခြင်းနှင့် ကန့်ကွက်ခြင်းကို ဂရုမစိုက်ဘဲ ဆက်ဆံရေးရုံးတာဝန်ခံ မရှိသည့် အခြေအနေတွင် ဝ ပြည်နယ်၏ လားရှိုးမြို့တွင် တရားဝင် ဖွင့်လှစ်ထားသော ဆက်ဆံရေးရုံး၏ အိမ်တံခါးကို အတင်းအဓမ္မ ရိုက်ချိုးဖျက်ဆီးပြီး ဝင်ရောက်ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အပြင်းအထန် ရှုတ်ချကန့်ကွက်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ ၃ ရေထွက်ဦးလမ်းရှိ ဖြူဖွေးကုန်စုံဆိုင်ရှေ့တွင် ဧပြီလ ရ ရက်နေ့ ည ၈ နာရီ ဝန်းကျင်က ဝ အထူးဒေသ ၂ အဖွဲ့မှ လားရှိုးဆက်ဆံရေး ဒုတာဝန်ခံသည် သေနတ်ပစ်ဖောက်ခဲ့သဖြင့် တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း KanbowZa Tai News တွင် ဖော်ပြခဲ့သည်။

ယင်းဖော်ပြမှုအပေါ် ဝ တပ်ဖွဲ့၏ လားရှိုးဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဦးညီရန်းက ဖြစ်စဉ်မှာ ရုံး၌ခေတ္တ လာရောက်နေထိုင်သူ ဦးအိုက် (ခ) ထွန်းထွန်းသည် ၎င်း၏ ဇနီးမိသားစုနှင့် ပဋိပက္ခ ဖြေရှင်းရန် သွားရောက်ခဲ့ပြီး မပြေလည်ရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဦးအိုက်ကို စစ်ဆေးရာ ၎င်းအမှု သက်သာစေရန်အတွက် မိမိကိုယ်ကို ဝ ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံအဖြစ် လိမ်ညာပြောခဲ့ခြင်းသာဖြစ်သည်ဟု သိရှိရကြောင်း ဦးညီရန်းက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

ဦးညီရန်းက ဆက်လက်၍ ရေးသားထားသည်မှာ ၎င်းသည် တောင်ကြီးမြို့သို့ မရောက်သည်မှာ ၁၀နှစ်ခန့်ပြီရှိဖြစ်ကြောင်း နှင့် လားရှိုးတွင် ဝ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံမှာလည်း တစ်ဦးသာရှိကြောင်း၊ ဝတပ်ဖွဲ့၏ အမည်နာမကို အလွဲသုံးသူရှိပါက တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူသွားမည်ဟုလည်း အသိပေးထားသည်။

UWSA ၏ လားရှိုးဆက်ဆံရေးရုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးသည့် ကိစ္စနှင့်ပတ်သက်၍လည်း ပြန်လည်တောင်းပန်ရန် နှင့် အငြင်းပွားမှု မကြီးထွားအောင ်မချဲ့ကားရန်လည်း ကတိပြုရန် ဝအဖွဲ့က တောင်းဆိုထားသည်။

UWSP သည် ဦးသိန်းစိန် အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီထားသော်လည်း လက်ရှိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်း မဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်းအတိုင်း ဆက်သွားရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly