စဉ့်ကူးမြို့နယ် ဒေသခံများက ရွှေလုပ်ကွက်များ ချထားပေးရန် တောင်းဆို

စဉ့်ကူးမြို့နယ် ဒေသခံများက ရွှေလုပ်ကွက်များ ချထားပေးရန် တောင်းဆို

နွယ်ရုံ၊ ဧပြီ ၁၀ ။         ။ ဒေသခံများဖြင့်တည်ထောင်ထားသည့် အများပိုင်ကုမ္ပဏီများကို လုပ်ကွက်များချထားပေးရန်အတွက် နိုင်ငံတော်အစိုးရထံ စဉ့်ကူးမြို့နယ်ဒေသခံများက ဧပြီလ ၁၀ ရက်၊ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုလိုက်သည်။

သတင်းစာရှင်းလင်းပွဲကို မန္တလေးတိုင်းဒေသကြီး၊ စဉ်ကူးမြို့နယ်၊ နွယ်ရုံမြို့ရှိ ရတနာအောင် ခန်းမတွင်ပြုလုပ်ခဲ့သည်။

ဒေသခံရွှေလုပ်သားများမှာ အလုပ်အကိုင်အခွင့်အလန်းများမဲ့ကာ စားဝတ်နေရေးအခက်အခဲများနှင့်ရင်ဆိုင်နေရသည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများကဆိုသည်။

ဒေသခံရွှေလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း အပြည့်အဝရရှိရန်အတွက် ဒေသခံအများစုဖြင့်ဖွဲ့စည်းထားသည့် အများပိုင်ကုမ္ပဏီများကို ရွှေလုပ်ကွက်နှင့် အင်းလုံးများကို အစိုးရအနေဖြင့် အမြန်ဆုံးချထားပေးရန်လိုအပ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကံတောင်ကျေးရွာမှ ကိုအေးမင်းစိုးကဆိုသည်။

"ကျွန်တော်တို့ ဒေသခံတွေထူထောင်ထားသည့် ကုမ္ပဏီတွေ လုပ်ကွက်တွေချထားပေးစေချင်တယ်။ အခုဖြစ်နေတာက ဒေသခံတွေကို ချမပေးဘူး။ တခြားတစ်ဦးတည်းပိုင် ကုမ္ပဏီတွေကိုပဲ ဆက်ချပေးနေတယ်။ သူတို့ပဲ ချထားပေးတော့ ဒေသခံတွေက အလုပ်မဲ့ပြီး ငတ်နေကြတယ်။"ဟု ကိုအေးမင်းစိုးက ပြောသည်။

စဉ့်ကူးမြို့နယ်တွင် ယခင်အစိုးရအဆက်ဆက်ကပင် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီ ၃၈ခုကို လုပ်ကွက်ပေါင်း ၉၀ ကျော်အား ယနေ့အချိန်ထိချထားပေးနေခြင်းကြောင့် ဒေသခံများဖြင့် စုဖွဲ့ထားသည့် ကုမ္ပဏီများမှာ လုပ်ကွက်မရခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများကဆိုသည်။

ရွှေဒိုးနွယ်ကျေးရွာမှ ဦးတင်ထွေးက "လုပ်ကွက်ဆိုတာတွေက ကျွန်တော်တို့ဒေသခံတွေ ခက်ခက်ခဲခဲရှာဖွေထားတဲ့ဟာတွေပါ။ အဲဒါတွေကို အလွယ်တကူ ကုမ္ပဏီတွေကို ချထားပေးတယ်။ ဒါတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတယ်။ ဘာမှလုပ်မပေးဘူး။"ဟုပြောသည်။

စဉ့်ကူးမြို့နယ်တွင် ဒေသခံများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ရွှေစဉ့်ကူး၊ ရွှေနွယ်ရုံ၊ ရွှေဒိုးနွယ်၊ ကြီးမားသောကောင်းကင်ကြယ်နှင့် ဝါးပိုးသားကုမ္ပဏီတို့မှာ လုပ်ကွက်များရရှိရန် ခက်ခဲနေသောကြောင့်   ဒေသခံရွှေလုပ်သားများမှာ အလုပ်လက်မဲ့ဖြစ်နေခြင်းဖြစ်သည်။

စဉ့်ကူးမြို့နယ်ဒေသခံများကတင်မြောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ဒေသခံများ၏ အကျိုးထက် ကုမ္ပဏီများ၏အကျိုးသာ ဆောင်ရွက်နေသည်ဟု သတင်းစာရှင်းလင်းပွဲ   ပြုလုပ်သူများက စွပ်စွဲပြောဆိုသည်။

စဉ့်ကူးမြို့နယ် NLD ဒုဥက္ကဋ္ဌ ဦးဆန်းဦးမောင်က "ပါတီအနေနဲ့ကတော့ ဒေသခံတွေနဲ့ထက်တူ ကူညီဆောင်ရွက်နေပါတယ်။ ကိုယ်စားလှယ်တွေ လုပ်မပေးတာကတော့ သူတို့အပိုင်းပေါ့။"ဟု ပြောသည်။

ဒေသခံများအနေဖြင့် ရွှေလုပ်ကွက်နှင့်အင်းလုံးများ အမြန်ချထားပေးရေးအတွက်လည်း ဒေသခံ လေးသောင်းကျော် လက်မှတ်ထိုး၍ အစိုးရထံ တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly