ရတနာပုံတိရစ္ဆာန်ဥယျာဉ် ဝင်ကြေးပြောင်းလဲမှု မရှိဘဲ သင်္ကြန်တွင်း ဖွင့်လှစ်မည်

ရတနာပုံတိရစ္ဆာန်ဥယျာဉ် ဝင်ကြေးပြောင်းလဲမှု မရှိဘဲ သင်္ကြန်တွင်း ဖွင့်လှစ်မည်

မန္တလေး၊ ဧပြီ ၈ ။              ။ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၊ မန္တလေးတောင်ခြေအနီးရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်မှာ သင်္ကြန်ကာလအတွင်း ဝင်ကြေးနှုန်းထားပြောင်းလဲမှုမရှိဘဲ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

'' သင်္ကြန်တွင်း ဖွင့်လှစ်သွားမှာပါ။ မူလဝင်ကြေးအတိုင်း သတ်မှတ်ထားပါတယ်။ ပြောင်းလဲမှု မရှိပါဘူး။ သင်္ကြန်တွင်း အလည်ဖြစ်ဖြစ် ၊ ခေတ္တနားချင်ရင်ဖြစ်ဖြစ် လာလို့ ရပါတယ် '' ဟု ရတနာပုံတိရစ္ဆာန်ဥယျာဉ်၏ အုပ်ချုပ်ရေးမှူး ဦးတင့်ရွှေက ပြောသည်။

ရတနာပုံတိရစ္ဆာန်ဥယျာဉ် ဝင်ကြေးကို လူကြီး ၁၀၀၀ ကျပ်၊ကလေး ၅၀၀ ကျပ် သတ်မှတ်ထားပြီး နှစ်ယောက်စက်ဘီး၊ဘဲလှေ၊ မြည်းပု၊ ဆင် စသည့်တို့ကို အချိန်အပိုင်းအခြားအလိုက် ငှားရမ်း စီးနင်းနိုင်သည်။

'' နွေရာသီရောက်ပြီးဆိုတော့ လာလည်တဲ့လူတွေ အေးချမ်းစွာ လည်လို့ရအောင် စီစဉ်ပေးထား ပါတယ်။ တိရစ္ဆာန်တွေကိုလည်း အရည်ရွှမ်းတဲ့အသီးတွေ ကျွေးတယ်။ ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပါတယ် '' ဟု ရတနာပုံတိရစ္ဆာန်ဥယျာဉ်(မန္တလေး) အုပ်ချုပ်ရေးမှူး ဦးတင့်ရွှေက ပြောသည်။

ရတနာပုံတိရစ္ဆာန်ဥယျာဉ်သည် ၅၅ ဧက ကျယ်ဝန်းပြီး နို့တိုက်သတ္တဝါ၊ ကျေးငှက်သတ္တဝါ၊ တွားသွားသတ္တဝါ စသည့် တိရစ္ဆာန်အမျိုးပေါင်း ၁၀၀ ကျော်၊  တိရစ္ဆာန် မျိုးစိတ်ပေါင်း ၁၁၀၀ ခန့်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly