ဆွီဒင် အကြမ်းဖက်တိုက်ခိုက်မှု သံသယရှိ လော်ရီကားမောင်းသူကို ဖမ်းဆီးထား

ဆွီဒင် အကြမ်းဖက်တိုက်ခိုက်မှု သံသယရှိ လော်ရီကားမောင်းသူကို ဖမ်းဆီးထား

ဧပြီ ၈ ။            ။ လူလေးဦး သေဆုံးခဲ့ရတဲ့ ဆွီဒင် ထရပ်ကား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ယခုအခါ ကားဒရိုင်ဘာလို့ ယူဆရတဲ့ အကြမ်းဖက်သမားကို အာဏာပိုင်တွေက ဖမ်းဆီးရမိထားကြောင်း သိရပါတယ်။

ဧပြီ ရ ရက် နေ့လည်ပိုင်းက ဆွီဒင် နိုင်ငံ စတော့ဟုမ်းမြို့က လူစည်ကားရာ စတိုးဆိုင်တစ်ခု ထောင့် လူအုပ်ထဲကို ထရပ်ကားတစ်စီး မောင်းဝင် ထိုးတိုက်ခဲ့တာကြောင့် လေးဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ယခုဖြစ်စဉ်မတိုင်မီကလည်း လန်ဒန်၊ ဘာလင်တို့အပါအဝင် ဥရောပဒေသတွင်းမှာ ခုလိုမျိုး ကားတွေနဲ့ လူအုပ်ထဲ ၀င်ထိုးတိုက်တဲ့ ဖြစ်စဉ်မျိုးတွေ ရှိထားခဲ့ပြီး အဆိုပါဖြစ်စဉ်တွေတုန်းကတော့  အစ္စလမ္မစ် နိုင်ငံတော်အကြမ်းဖက်အဖွဲ့က ၎င်းတို့လက်ချက်ဆိုပြီးထုတ်ပြောထားခဲ့ပါတယ်။

ယခု ဆွီဒင် ထရပ်ကား အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ကတော့ ဘယ်အဖွဲ့အစည်းကမှ လက်တလောအချိန်ထိ တာဝန်ခံ ထုတ်ပြောလာခြင်းတော့ မရှိသေးပါဘူး။

ဒါပေမယ့် ယခုအခါမှာ လော်ရီကားမောင်းနှင်သူလို့ ယူဆရတဲ့ သံသယရှိအမျိုးသားတစ်ဦးကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆွီဒင် ရဲတပ်ဖွဲ့က ပြောပါတယ်။ " ခုဖမ်းမိထားတဲ့အမျိုးသားက ကားဒရိုင်ဘာလို့ ကျွန်တော်တို့ သံသယရှိထားပါတယ်" လို့ စတော့ဟုမ်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လာစ် ဘိုင်စထရွမ်က ပြောပါတယ်။ ယင်းအမျိုးသားကိုတော့ သံသယရှိ အကြမ်းဖက်တိုက်ခိုက်မှု သံသယနဲ့ ဖမ်းဆီးထားတာဖြစ်ကြောင်း သိရပါတယ်။

၎င်းအမျိုးသားကို စတော့ဟုမ်းမြို့ မြောက်ပိုင်း ဆင်ခြေဖုံးအရပ်တစ်ခုမှာ ဖမ်းမိခဲတာဖြစ်ပြီး သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ၎င်းဟာ အသက် ၃၉ နှစ်ရှိ ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်ပြီး အိုင်အက်စ် ထောက်ခံသူဖြစ်ကြောင်း သိရပါတယ်။ ၎င်းရဲ့အမည်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ယခု လော်ရီကား တိုက်ခိုက်မှုဖြစ်စဉ်မှာ ဖြစ်စဉ်ဖြစ်ပြီးပြီးချင်း ကားဒရိုင်ဘာဖြစ်သူ ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပြီး အာဏာပိုင်တွေက ၎င်းရဲ့ ပုံတူကို ဖြန့်ဝေထားခဲ့တာဖြစ်ပါတယ်။ ယခု ဖမ်းမိထားတဲ့အမျိုးသားကလည်း ဓာတ်ပုံထဲက သံသယရှိ တရားခံနဲ့ ကိုက်ညီနေတာတွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆက်လက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဧပြီလ ၈ ရက် နံနက်ပိုင်းမှာတော့ ယင်းအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် စတော့ဟုမ်းမြို့ရှိ အလံတိုင်တွေကို တစ်ဝက်ချလွှင့်ထူထားတာတွေ့ရပြီး   သေဆုံးသွားသူတွေအတွက် ရည်စူးပြီး လွှမ်းသူ့ပန်းခွေချကာ ဆုတောင်းပေးခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags