ဖယ်လ်ကာအို (သို့မဟုတ်) ဖူလ်ဆယ်လောကရဲ့ဘုရင်

ဖယ်လ်ကာအို (သို့မဟုတ်) ဖူလ်ဆယ်လောကရဲ့ဘုရင်

ဖယ်လ်ကာအိုဟာ ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ဘရာဇီးတွေရဲ့ ထုံးစံအတိုင်း ဘောလုံးကစားရင်း ကြီးပြင်းလာသူဖြစ်ပါတယ်။ ဖူဆယ်လ်အားကစားနည်းကို ငယ်စဉ်ကတည်းက စတင်ကစားခဲ့သူဖြစ်ပြီး အသက် ၁၂ နှစ်မှာတင် ပြိုင်ပွဲဝင်ကစားသမားတစ်ဦးအဖြစ် ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဖယ်လ်ကာအိုရဲ့အကြောင်းကို ပြောတော့မယ်ဆိုရင် ဘရာဇီးလက်ရေးစင်အသင်းနဲ့အကြောင်းကို ပြောမှ ပေါ်လွင်ပါလိ့မ်မယ်။ ဖယ်လ်ကာအိုဟာ ၁၉၉၈ ခုနှစ် အသက် ၂၁ နှစ်အရွယ်မှာပဲ ဘရာဇီးလက်ရွေးစင်စဖြစ်ခဲ့သူပါ။ ၂၀၀၀ ခုနှစ် ဖူဆယ်လ်ကမ္ဘာ့ဖလားပြိုင်ပွဲကစလို့ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆ ခုနှစ်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲပေါင်း ငါးပွဲ ပါ၀င်ကစားခဲ့ပါတယ်။

၂၀၀၀၊ ၂၀၀၄ ခုနှစ်တွေမှာ အောင်မြင်မှု မရခဲ့ပေမယ့် ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ရရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမာဆုကို ရရှိခဲ့သလို သွင်းဂိုး ၁၅ ဂိုးနဲ့ ဒုတိယဂိုးသွင်းအများဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

 ၂၀၁၂ ကမ္ဘာ့ဖလားမှာလည်း ကွာတားဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေမှာ ဘရာဇီးအသင်းအတွက် အရေးပါတဲ့သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပြီး ချန်ပီယံဆုကြီးကို ဆွတ်ခူးပေးနိုင်ခဲ့ပြန်ပါတယ်။

၂၀၁၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘရာဇီးအသင်းအောင်မြင်မှု မရခဲ့လို့ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖယ်လ်ကာအိုဟာ လက်ရွေးစင်အသင်းကနေ အနားယူသွားခဲ့ပါတော့တယ်။

ဖယ်လ်ကာအိုဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၂၀၁ ပွဲကစားခဲ့ကာ ၃၃၉ ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၃၃ ပွဲကစားပြီး ၄၈ ဂိုးအထိသွင်းယူခဲ့ကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်လျက်ရှိနေပါတယ်။

ဖယ်လ်ကာအိုဟာ နိုင်ငံအသင်းနဲ့တင် အောင်မြင်မှုရခဲ့သူမဟုတ်ပါဘူး။ ကလပ်အသင်းတွေမှာလည်း အောင်မြင်မှုအများအပြားရခဲ့သူပါ။ ၁၉၈၉ ခုနှစ်ကနေ ယခုအချိန်အထိ ပွဲပေါင်း ၆၉၇ ပွဲကစားခဲ့ပြီး ၉၃၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကိုရင်သီယန်၊ မင်နဲရိုး၊ ဆာအိုပေါ်လို၊ ရီယိုဒီဂျနေရိုး စတဲ့ နာမည်ကြီးအသင်းတွေအပါအဝင် ကလပ်အသင်းပေါင်း ၁၃ သင်းမှာ ပါ၀င်ကစားခဲ့ပြီး ဆုဖလားပေါင်း ၃၁ လုံးအထိ ရရှိခဲ့ပါတယ်။

ကလပ်အသင်းမှာ များပြားလှတဲ့ ဆုဖလားတွေရယူနိုင်ခဲ့သလို ဖယ်လ်ကာအိုဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ၂ ဆု အပါအဝင် ဆုဖလားပေါင်း ၂၇ လုံးအထိ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဖယ်လ်ကာအိုဟာ ဘရာဇီးဘောလုံးသမားပီပီ ဘောလုံးအခြေခံကျွမ်းကျင်ပိုင်နိုင်လှသူဖြစ်ပြီး သူ့ရဲ့ ဘယ်ခြေက ပြင်းထန်တိကျလွန်းလှပါတယ်။ ဖူဆယ်လ်ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်အထိ ရရှိခဲ့ပြီး နောက်ဆုံးဖီဖာရဲ့ အထူးဂုဏ်ပြုဆုကို ရရှိခဲ့သူဖြစ်ပါတယ်။

ဖယ်လ်ကာအိုဟာ ဖူလ်ဆယ်ကွင်းလေးထဲကနေ ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ ဖူလ်ဆယ်ဘောလုံးကမ္ဘာမှာတော့ သူဟာ ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် အမြဲအမှတ်ရနေရမယ့်သူပဲ ဖြစ်ပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly