တရုတ်နှင့် ဆက်ဆံရေးတွင် ကြီးမားသော တိုးတက်မှုရှိကြောင်း ဒေါ်နယ်ထရမ့် ပြော

တရုတ်နှင့် ဆက်ဆံရေးတွင် ကြီးမားသော တိုးတက်မှုရှိကြောင်း ဒေါ်နယ်ထရမ့် ပြော

၀ါရှင်တန်၊ ဧပြီ ၈ ။           ။ ဖလော်ရီဒါရှိ Mar-a-Lago အပန်းဖြေရိပ်သာတွင် ဒုတိယမြောက်နေ့အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြောဆိုမှုအတွင်း တရုတ်နှင့် ဆက်ဆံရေးက ကြီးမားသော တိုးတက်မှုရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်သည်။

“ကျွန်တော်တို့တွေ တရုတ်နဲ့ ဆက်ဆံရေးမှာ တိုးတက်မှုတွေ များများစားစား စွမ်းဆောင်ထားနိုင်တယ်။”ဟု အတိအကျ မဟုတ်ဘဲ ထရမ့်က ဆိုပြီး “မှန်ကန်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။”ဟု ပြောသည်။

ခေါင်းဆောင်နှစ်ဦးအနေဖြင့် ကုန်သွယ်ရေးနှင့် အလုပ်အကိုင်တို့တွင် သဘောတူညီမှု ရရေး ဆွေးနွေးဖော်ဆောင်ဖွယ် ရှိသကဲ့သို့ သေးသေးတင် မခံသည့် နှုတ်ခွန်းတုံ့ပြန်မှုများဖြင့် ရှိနေသော ဆက်ဆံရေးကို ပြန်လည်ချောမွေ့စေရေးလည်း ဆွေးနွေးကြဖွယ် ရှိသည်။

ဧပြီ ၆ ရက်က အမေရိကန်သို့ စတင်ရောက်ရှိသည့် ရှီကျင့်ဖျင်နှင့် တွေ့ဆုံမှု၌ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းတို့အနေဖြင့် အထူးကောင်းမွန်သည့် ဆက်ဆံရေးကို   ဖော်ဆောင်သွားမည်ဖြစ်ကြောင်း   ပြောခဲ့သည်။

Mar-a-Lago အပန်းဖြေအိမ်ရာတွင် သမ္မတကတော်နှစ်ဦးပါ တက်ရောက်ပါ၀င်သည့် ညစာစားပွဲ ပြင်ဆင်နေစဉ် ထရမ့်က သတင်းထောက်များအား “ကျွန်တော်တို့တွေ   တော်တော်လေးဆွေးနွေးမှုတွေ   ပြုလုပ်ထားပြီးဖြစ်ပေမယ့် ဘာဆို ဘာမှ မရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆက်ဆံရေး ဖွံ့ဖြိုးမှုတော့ ရှိထားပြီလို့ မြင်ပါတယ်။”ဟု ကျီစယ်စကားစွက်ကာ ပြောဆိုခဲ့သည်။

“ကျွန်တော်ထင်ပါတယ်။ ရေရှည်မှာ ကျွန်တော်တို့ အထူးအထူးကောင်းမွန်တဲ့ ဆက်ဆံရေးဆီ ရောက်လာမှာပါ။” ဟု မဲဆွယ်စဉ်ကာလတစ်လျှောက် တရုတ်ကို စွပ်စွဲဝေဖန်မှုပြုခဲ့သူ ထရမ့်က   ပြောခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံမှု မတိုင်မီကလည်း ယခုတွေ့ဆုံမှုသည် အလွန်ခက်ခဲတဲ့ အရာဖြစ်လိမ့်မည်ဟု ထရမ့်က ပြောဆိုထားသည်။

တရုတ်နိုင်ငံသည် အမေရိကန်အပေါ် ကုန်သွယ်ရေးနှင့် ပတ်သက်လျှင် မတော်မတရားကျင့်ကြံနေသည်ဟုလည်း ထရမ့်က စွပ်စွဲပြောဆိုဖူးသည်။ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလကလည်း အမေရိကန်၏ ကုန်သွယ်ရေးလိုငွေ ကြီးမားမှုနှင့် အလုပ်အကိုင်ဆုံးရှုံးမှုများကို ရေရှည်သည်းခံမည် မဟုတ်ကြောင်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly