ဆီးရီးယားက ဝေဟင်နယ်မြေသတ်မှတ်မှု နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဆိုးရွားစေလာမည်ဟု သမ္မတ ပူတင် သတိပေး

ဆီးရီးယားက ဝေဟင်နယ်မြေသတ်မှတ်မှု နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဆိုးရွားစေလာမည်ဟု သမ္မတ ပူတင် သတိပေး

မော်စကို၊  ဧပြီ ရ ။             ။ ဆီးရီးယားနိုင်ငံတွင် အမေရိကန်၏ ဒုံးကျည်တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်သည့် အနေဖြင့် ရုရှက အမေရိကန်နှင့် သဘောတူထားသော ဆီးရီးယားဝေဟင် အတွင်း လေကြောင်းနယ်ပယ်သတ်မှတ်ချက် သဘောတူညီမှုအား ရပ်ဆိုင်းလိုက်ကြောင်း ဧပြီ ရ ရက်တွင် ကြေညာသည်။

စစ်ပွဲဒဏ်သင့် ဆီးရီးယားနိုင်ငံအတွင်း သူပုန်အုပ်စုများကို နှိပ်နှင်းရာ၌ အမေရိကန်နှင့် ရုရှစစ်လေယာဉ်များ အချင်းချင်း တိုက်မိခြင်းများကို ရှောင်ရှားရန် ဝေဟင်နယ်ပယ်သတ်မှတ်ချက် ထားရှိကာ သဘောတူထားခြင်းဖြစ်သည်။

သူပုန်ထိန်းချုပ်ရာ နယ်မြေတစ်ရပ်အား ဧပြီ ၄ ရက်က ဆီးရီးယားအစိုးရတပ်များ စစ်လေယာဉ်များဖြင့် တိုက်ခိုက်ရာတွင် ဓာတုအဆိပ်လက်နက်သုံးစွဲခဲ့ကြောင်း အမေရိကန်က စွပ်စွဲလျက် တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယားလေတပ်စခန်းတစ်ခုကို ဧပြီ ၆ ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့သည်။

သို့သော် အမေရိကန်၏ ဆီးရီးယားလေတပ်စခန်းအား ထိုသို့တိုက်ခိုက်ခဲ့မှုအတွက် ဆီးရီးယား၏ မဟာမိတ်ဖြစ်သည့် ရုရှနိုင်ငံဖက်က ဝေဟင်သတ်မှတ်ချက် သဘောတူညီမှုကို ရပ်ဆိုင်းပစ်ကာ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“ဆီးရီးယားက စစ်ဆင်ရေးများတွင် လေကြောင်းတိုက်ပွဲများအတွင်း၌ ဘေးအန္တရာယ်ကင်းသည့် အာမခံချက် ပြည့်ဝရေးနှင့် နှစ်ဖက်လေယာဉ်ချင်း မတော်တဆ တိုက်မိခြင်းများကို တားဆီးကာကွယ်နိုင်ရေးအတွက် အမေရိကန်နှင့် သဘောတူထားသော နားလည်မှုတစ်ရပ်အား ရုရှနိုင်ငံဖက်က ရပ်တန့်ကြောင်း။” ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမေရိကန်၏ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကို ဥပဒေမဲ့ လုပ်ရပ်အဖြစ် ရုရှသမ္မတ ဗလာဒီမာပူတင်က ရှုတ်ချလိုက်သည်။ ထိုသို့သော လုပ်ဆောင်ချက်အပြုအမှုက သမ္မတ ဒေါ်နယ်ထရမ့် ပြန်လည်ကောင်းမွန်အောင် ဖော်ဆောင်နေသည်ဟု မော်စကိုက မျှော်လင့်ထားသော အတိမ်းအစောင်းမခံသည့် အမေရိကန်-ရုရှ နှစ်နိုင်ငံဆက်ဆံရေးကို ပို၍ ဆိုးဝါးသွားစေလိမ့်မည်ဟုလည်း ၎င်းက သတိပေးလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags