ရီးယဲလ်နှင့် မန်စီးတီးကစိတ်ဝင်စားနေသည့် ဒယ်လီ အလီကို ဆက်ထိန်းထားနိုင်မည်ဟု စပါးယုံကြည်

ရီးယဲလ်နှင့် မန်စီးတီးကစိတ်ဝင်စားနေသည့် ဒယ်လီ အလီကို ဆက်ထိန်းထားနိုင်မည်ဟု စပါးယုံကြည်

ဧပြီ ရ၊ လန်ဒန်။            ။ စပါးအသင်းသည် လာမည့်နွေရာသီတွင် ဒယ်လီ အလီကို ဆက်ထိန်းထားနိုင်မည်ဟု ယုံကြည်နေသည်။ အလီသည် ဝှိုင်ဟတ်လိန်းနှင့် နှစ်ရှည်စာချုပ်ချုပ်ထားသူဖြစ်သော်လည်း ခြေစွမ်းပြနေသည့်ယင်းကစားသမားကို ဥရောပထိပ်သီးကလပ်များ က စိတ်ဝင်စားနေမှုမှာ စပါးအတွက်ဖိအားအဖြစ်ရှိနေသေးသည်။

ရီးယဲလ်မက်ဒရစ်နှင့် မန်စီးတီးအသင်းတို့သည် အသက် ၂၀ အရွယ်ကွင်းလယ်ကစားသမားကို လန်ဒန်မြောက်ပိုင်းကလပ်မှ ခေါ်ထုတ်သွားရန် စိတ်ဝင်စားနေကြောင်း ပြသနေကြသည်။

သို့သော် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မည်သည့်အသင်းကမှ ခေါ်ယူနိုင်ခြင်းရှိမည်မဟုတ်ဟု စပါးအသင်း တာဝန်ရှိသူများက ယုံကြည်နေကြသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ကစားသမားခေါ်ယူမှုကြီးတစ်ခုပြုလုပ်ရန်အတွက် စျေးကွက်အတွင်းဝင်မည်ဖြစ်ပြီး ချယ်လ်ဆီး တောင်ပံကစားသမားဟာဇက်မှာ လာမည့်ရာသီအတွက် ပထမဦးစားပေးပစ်မှတ်ဖြစ်သည်။

မန်စီးတီးနည်းပြဂွာဒီယိုလာက အလီကိုခေါ်ယူချင်နေသော်လည်း စပါးအသင်းဥက္ကဋ္ဌလီဗိုင်းအနေဖြင့် ပြိုင်ဘက်အသင်းထံ တိုက်ရိုက်ရောင်းချရန်ဝေးကွာသည်ဟု မန်စီးတီးတာဝန်ရှိသူများက သိနားလည်ထားသည်။

ယင်းအခြေအနေများကြောင့် အလီကို အနည်းဆုံးလာမည့်နွေရာသီတွင်ဆုံးရှုံးလိမ့်မည်မဟုတ်ဟု စပါးအသင်းတာဝန်ရှိသူများက ယုံကြည်မှုရှိနေကြခြင်းဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags