၃,၆၀၀ ဇာတ်လမ်း

၃,၆၀၀ ဇာတ်လမ်း

အလုပ်သမားထုကြီးခင်ဗျာ၊ ချစ်ခင်လေးစားစွာ မောင်မှန်က နှုတ်ခွန်းဆက်သလိုက်ပါတယ်။ တစ်နေ့ ၂,၀၀၀ ဝင်ငွေရှိရင် သာယာစိုပြည်တဲ့ တိုင်းပြည်မှာ၊ ဆိုက်ကားနင်းရုံနဲ့ ဇောတိက ဖြစ်နိုင်တဲ့ နိုင်ငံမှာ အလုပ်သမားထုကြီးက တစ်နေ့ ကျပ် ၃,၆၀၀ ဆိုတော့ ထမင်းတစ်နပ် လျှော့စားစရာ မလိုဘဲ ထမင်းတစ်နပ်တောင် ပိုစားနိုင်တဲ့ ဘဝရောက်တော့မှာပါ။ ထမင်းတစ်နပ် ပိုစားရုံမက နွားနို့ပါ သောက်လို့ ရနိုင်ပါသေးတယ်။ (အဲ, ဒါပေမယ့် ဆီးသီးဗန်း မှောက်တာတော့ သွားနှိုက်လို့ မရနိုင်ဘူး ပေါ့။ ကိုယ်က အလုပ်သမား ဖြစ်နေတာကိုး၊ အခန့်မသင့်ရင် နယ်လှည့်ပါးရိုက် ခံသွားရနိုင်တယ်။ သွားမလုပ်လေ နဲ့၊နောက်တာပါ ခင်ဗျာ၊ နောက်တာပါ)

မူလစကား ပြန်သွားကြရအောင်ပါ။ အနိမ့်ဆုံး လုပ်ခလစာ တစ်နေ့ ကျပ် ၃,၆၀၀ ဆိုတာ ဘယ်နည်းလို့တုန်း၊ မောင်မှန် အထက်က ပြောတာတွေ အကုန်လုပ်လို့ ရလောက်တယ်။ ဒီလိုတော့ ရှိတာပေါ့၊ လူကြီးသူမတွေ ပြောထားတဲ့ အခြေခံ စကားကတော့ တည်ကြည်မှန်ကန်ဖို့ လိုတာပေါ့နော်။ တစ်နေ့ ကျပ် ၂,၀၀၀ ရှိရင် လောက်တယ်ဆိုတဲ့ စကား၊ ဆိုက်ကားနင်းတာနဲ့ ချမ်းသာနိုင်တယ်ဆိုတဲ့ စကား စသဖြင့် ဒီလိုစကားတွေက မှန်ဖို့ လိုပါတယ်။ အဲဒီစကားတွေ မမှန်ခဲ့ရင်တော့ အလုပ်သမား တွေလည်း လယ်သမားတွေ နည်းတူ ထမင်းတစ်နပ် လျှော့စားရဦးမှာပဲ။ နွားနို့သောက်ဖို့ ဝေးစွ၊ ရေသန့်တောင် နပ်မှန်အောင် သောက်ဖို့ လွယ်မှာ မဟုတ်ပါဘူး။

ပြောရမယ်ဆိုရင် အစိုးရဝန်ထမ်းတွေ လစာတိုးပေးမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာအပြီး သြင်္ကန်ကျော်ကတည်းက ကုန်ဈေးနှုန်းတွေဟာ တရိပ်ရိပ်တောင် မဟုတ်ဘဲ ဝုန်းကနဲ ခုန်တက်သွား ခဲ့တာပါ။ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံ စားကုန်တွေအစ၊ အရွက်သီးနှံအလယ်၊ သားငါးအဆုံး အကုန်လုံးပါပဲ အညံ့ဆုံး ဆန်တောင် တစ်ပြည်ကို ကျပ် ၉၀၀၊ ၁,၀၀၀ ဖြစ်နေပါပြီ။ ဆီဆိုလည်း ကျပ် ၄,၀၀၀လောက် ဖြစ်နေပြီ၊ ဒါတောင် စားအုန်းဆီနော်။ တစ်နေ့က မောင်မှန် ရေဒီယို နားထောင်ရင်း ပညာပေး အစီအစဉ်လေး တစ်ခု ကြားလိုက်တယ်။ ဒါကလည်း ကြားနေကျပါ။ ပြည်သူများလည်း ကြားနေကျ ဖြစ်မှာပါ။ တခြား မဟုတ်ပါဘူး။ စားအုန်းဆီ မစားရေး ပညာပေးတာပါ။ စားအုန်းဆီ ကြောင့် ကျန်းမာရေးပြဿနာ အများကြီးရှိကြောင်း၊ တခြားနေရာမှာ ချွေတာပြီး ဆီကို အကောင်းစား သင့်ကြောင်း ပြောသွားပါတယ်။ ဒါပေမယ့် မောင်မှန်တို့ လူထုဟာ စားအုန်းဆီထက် ပိုဆိုးပြီး၊ ပိုဈေးသက်သာတဲ့ ဆီရှိလည်း အဲဒီဆီကိုပဲ ရွေးချယ် စားသုံးကြဦးမှာပါ။ ရောဂါ ဖြစ်တာက နောက်မှလေ၊ ဒါဟာ ပညာပေးသူတွေရဲ့ စေတနာနဲ့ ကြိုးပမ်းအားထုတ်မှုကို မလေးစားလို့ မဟုတ်ပါဘူး။ ရွေးချယ်ခွင့်ကို မရှိကြတာပါ ခင်ဗျာ။ ထားပါတော့။

ကန်စွန်းရွက်တောင် တစ်စည်း ကျပ် ၃၀၀၊ နှစ်စည်း ၅၀၀ ရောင်းနေပါပြီ။ ချဉ်ပေါင်တောင် အစည်းနည်းနည်းကြီးရင် ကျပ် ၂၀၀ ပဲ၊ နံနံပင် ၅၀ ဖိုး မရောင်းတော့ဘူး။ သားငါးကတော့ ပြော မနေနဲ့၊ ကြက်၊ ဝက်၊ ငါး အကုန် တစ်ဆယ် ကျပ် ၈၀၀ အောက် မရှိတော့ဘူး။ ဆိတ်သားများဆို ၁,၆၀၀ ဈေးတဲ့၊ ယောင်လို့ တောင် မျက်စောင်း မထိုးရဲတော့ဘူး။ အခုမှ တကယ့်ကို ကြက်ပျံ၊ ဝက်ပျံ၊ ဆိတ်ပျံ ဖြစ်တော့ တာပဲ။ ဒါတင်မက ဆန်ပျံ၊ ဆီပျံ၊ ကန်စွန်းရွက်ပျံ၊ ချဉ်ပေါင်ပျံ တွေလည်း ဖြစ်နေမှကိုး၊ တက်ပြီး ပြန်မကျတဲ့ အထဲမှာ ကုန်ဈေးနှုန်းက ထိပ်ဆုံးက နေရာယူပါတယ်။ ဒီလိုဆိုတော့ ကျပြီး ပြန်မတက်တဲ့ အထဲမှာ ထိပ်ဆုံးက နေရာယူသွားတာ ပြည်သူလူထုရဲ့ စိတ်ဓာတ်ဖြစ်ရတော့တာပေါ့။

ကားခတွေ ဘက်ကိုရော ကြည့်ဦးမလား။ ကျပ် ၅၀ ခရီးလုံးဝ မရှိတော့ဘူး။ ဒါ မထသက သတ်မှတ်တာ မဟုတ်ဘဲ စပယ်ယာတွေက သတ်မှတ်လိုက်တာပါ။ ဒါပေမဲ့လည်း လျှော့တော့ မတွက်နဲ့နော်။ မထသထက် ပိုခိုင်မာတယ်။ ပိုတည်တန့်တယ်၊ ပိုပြတ်သားတယ်။ လိုင်းကား စပယ်ယာတွေရဲ့ တညီတညွတ်တည်းသော ကြွေးကြော်သံက ၅၀ တန် အလိုမရှိဘဲ။ မထသက ဘာတွေ ပြောနေ ပြောနေ၊ စပယ်ယာတွေက ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့။ ရယ်တာပေါ့ပဲ၊ ကန်တော်ကြီးကို ခြေကန်ပက်လည်း ရယ်တာပဲ၊ ရယ်တာပဲ။ အခုလို ၁၀၀ လမ်းခရီး ကိုတောင် လက်စဖျောက်ဖို့ ကြိုးစားလာကြပြီ၊ သိသိသာသာကြီးကို အားထုတ်လုံးပမ်း လာကြပြီ၊ ကားပေါ်တက်တာနဲ့ (အထူးကားလည်း မဟုတ်ဘဲ) ၂၀၀ တောင်းတဲ့ကား များလာပြီ။ အထူးသဖြင့် မီနီဘတ်စ် တွေ  အတော်ဆိုးပါ တယ်။ တက်တာနဲ့ ၂၀၀၊ နည်းနည်းလေး ခရီးရှည်တာနဲ့ ၃၀၀ တိုးတောင်းတယ်။ ဒီလိုအခြေအနေအတွက် အောက်မှာ အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခ လစာက ကျပ် ၃,၆၀၀ တဲ့။

နေစရာတွေရဲ့ ငှားရမ်းခနှုန်းထားတွေကိုလည်း ကြည့်ဦး၊ ခေါင်ခိုက်နေပါပြီ။ အိမ်ခန်းတို့၊ တိုက်ခန်းတို့ကိုထား၊ အဆောင်ငှားခတင် အနိမ့်ဆုံး တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ဖြစ်နေပြီ။ တကယ် ကို ကျောတစ်ခင်းစာ နေရာလေးအတွက်နော်။ မဆလ ခေတ်နှောင်းပိုင်းက စာချိုးလေး တစ်ခုကို ပြေးသတိရတယ်။ နေတော့ တဲကုတ်၊ စားတော့ ပဲပြုတ်၊ ဇိမ်ခံတော့ ဝဲကုတ်တဲ့။ ဟုတ်ပါ တယ်။ နှစ် ၃၀ လောက်သာ ကြာသွားတယ်၊ အလုပ်သမားတွေရဲ့ ဘဝဟာ အဲဒီစာချိုးထဲက အတိုင်းပါပဲ။ ဘာမှ မပြောင်းလဲပါဘူး။ ဒါလည်း တစ်နေ့ကို ကျပ် ၃,၆၀၀ ပါပဲ။

၃,၆၀၀ ဆိုရာမှာတောင် တကယ်က တည်တန့်သေးတာ မဟုတ်ပါဘူး။ အစိုးရက အဆိုပြု ထားတာပဲ ရှိသေးတာ၊ အတည် မပြုသေးဘူး။ အလုပ်ရှင်တွေဘက်က အပြင်းအထန် ကန့်ကွက် ဆန့်ကျင်နေ ကြတယ်။ သူတို့ဘက်က အမြင့်ဆုံးပေးနိုင်တာ ကျပ် ၂,၅၀၀ တဲ့။ (သူတို့ဘက်က ဆိုတာ အကုန်လုံးကို ဆိုလိုတာ မဟုတ်ဘူး။ တစ်ယောက်စ နှစ်ယောက်စ လောက်ကပဲ ဒီသဘောထားရှိ တာ) ၃,၆၀၀ အတည်ဖြစ်သွားရင် စက်ရုံပိတ်ပြီးတောင် ပြန်သွားဦးမယ်ဆိုပဲ။ တရုတ်နဲ့ ကိုရီးယား စက်ရုံပိုင်ရှင်အများစုက ခြိမ်းခြောက်တယ်။ အာရှတစ်ခွင်မှာ လုပ်အားခဈေး အပေါဆုံး နိုင်ငံမှာလည်း လာပြီး စက်ရုံ ထောင်သေးရဲ့၊ လုပ်ခလေး နည်းနည်းပါးပါး တိုးပေးရမယ် အရေးလည်း မြင်ရော စက်ရုံ ပိတ်မယ် ဖြစ်ရောပဲ။ ထမင်းစား ကျွန်ခံတွေလောက်ပဲ လိုချင်တယ် ထင်ပါတယ်။ ဒါဆိုလည်း စက်ရုံ မထောင်ပါနဲ့၊ ပင်လယ်ထဲသွား ကျွန်းတစ်ကျွန်းလောက်ရှာ လူတွေကို ကျွန်ဇာတ် သွင်းပြီး ကျွန်ပိုင်ရှင်ကြီး ဘွဲ့ခံယူကာ ငါးသာ ရှာခိုင်းပါတော့။ ဒီအလုပ်က အတော် ချောင်ပါတယ်။

စက်ရုံထောင်သလောက်လည်း အရင်း မများပါဘူး။ လက်မရွံ့လူမိုက် ဂိုဏ်းတစ်ဂိုဏ်လောက် ထောင်လိုက်နိုင်ရင်ပဲ ပြီးပါပြီ။ လူသားအရင်းအမြစ်ကို စေးစေးပိုင်ပိုင်ကြီး အသုံးပြုခွင့်ရတာပေါ့လေ။ တရားဥပဒေက ဒီကိစ္စကို မသိမချင်း အေးဆေးပဲ။ စိတ်ကူး မလွဲပါနဲ့၊ လုပ်ခပေးရတဲ့ စက်ရုံ မထောင်ချင်ရင် လုပ်ခမပေးရတဲ့ ကျွန်ဂိုဏ်းသား ထောင်ပါ။ ဒီအတွက် မောင်မှန်ကို အကြံပေးခ
ပေးစရာ မလိုပါဘူး။

အလုပ်သမားတွေဘက်ကချည်း ပြောနေတော့ တစ်ဘက်ပဲ လိုက်တယ်လို့ မောင်မှန်ကို စွပ်စွဲနေကြဦးမယ်၊ ဒီလိုမဟုတ်ရပါဘူး။ ခုနောက်ပိုင်း ခေတ်စားထင်ရှားတဲ့ လစ်ဘရယ်ပညာရှင် ပညာရှိတွေ ထက်တော့ မောင်မှန် မညံ့ပါဘူး။ သူတို့လိုပဲ ပြဿနာကို ဘက်ပေါင်းစုံက ချဉ်းကပ်နိုင် ပါတယ်။ အလုပ်ရှင်တွေမှာလည်း အခက်အခဲတွေ ရှိပါတယ်။ အထူးသဖြင့် တရားမဝင်ကြေးတွေပေါ့။ စက်ရုံထောင်ဖို့ လာရောက်လျှောက်ထားကတည်းက ပေးလိုက်ရတာတဲ့ လိုင်းကြေး၊ ပိတ်တဲ့ အထိပါ။ ဒါမောင်မှန် ဉာဏ်မီသလောက် ပြောတာပါ။

အစိုးရ မင်းများကတော့ ပါးပါးလေးပါပဲ။ စစ်တမ်းလေး ကောက်လိုက်၊ အချိန်လေး ဆွဲထား လိုက်၊ သပိတ်မှောက် ဆန္ဒပြတဲ့ အလုပ်သမားတွေကို ဆော်ပလော်တီးလိုက်၊ ဆွဲစေ့လိုက်နဲ့ လုပ်ရင်း ကိုင်ရင်း လက်ဆုံးသလောက် ရှိတော့မှသာ အခု ၃,၆၀၀ ထွက်ပေါ်လာတာပါ။ ဒိုင်စားတယ်ဆိုတဲ့ စကားကြားဖူးကြတယ် မဟုတ်လား။ ၃,၆၀၀ ကိစ္စ အပေါ် အလုပ်ရှင်ရော၊ အလုပ်သမားပါ မကျေနပ်ကြတဲ့အခါ ဒိုင်က တိတ်တိတ်လေးပဲ နေပါတယ်။ သူမသိသလို၊ သူနဲ့ မဆိုင်သလိုပဲ၊ တိတ်တိတ်နေ ထောင်တန်၏ ဆိုတာ ဒါမှ အစစ်ပဲ။ (အလုပ်သမား တွေဘက်က မကျေနပ်တာ ကတော့ တကယ့်ကို ကျိုးကြောင်း ဆီလျော် မှန်ကန်သင့်မြတ်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနရဲ့ စစ်တမ်းတစ်ခုအရကို မိသားစု လေးဦးရှိတဲ့ အိမ်ထောင်တစ်ခုရဲ့ အနိမ့်ဆုံး တစ်နေ့ စားစရိတ်ဟာ ကျပ် ၃,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ တခြား ကျန်းမာရေး၊ လူမှုရေး စရိတ်တွေ ဘာမှ မပါဘူးနော်) အလုပ်ရှင်က ပိတ်၊ အလုပ်သမားက သပိတ် သံတွေ တဖြည်းဖြည်းနဲ့ ပိုညံလာမယ် ထင်ပါတယ်။ အစိုးရဆီကတော့ ဥပဒေနဲ့အညီ ဆိုတာပဲ ထပ်ချည်းတလဲလဲ ကြားရပါလိမ့်ဦးမယ်။

မဆလ တစ်ခေတ်တုန်းက အဆိုတော်ကြီး ချစ်စပါယ်ရဲ့ သီချင်းထဲမှာ မောင်, မောင်အလုပ် သမားဆိုရင် ပျိုကပင် စတင်ချစ် ချစ်ပါရစေရှင် တဲ့၊ ခုတော့ မောင် အလုပ်သမားဆိုရင် ပျိုကပင် စတင် အဆက်ဖြတ်ပါရစေရှင် ဖြစ်နေပါပြီ။ တစ်အိုးတစ်အိမ် ထူထောင်ဖို့ ဝေးစွ၊ ဝမ်းဝ ခါးလှဖို့တောင် မလွယ်ကြောပဲကိုး။ ဒါတွေကြောင့် သပိတ်မှောက်ကြတို့၊ တိုက်ပွဲဝင်ကြတို့ဆိုပြီး အလုပ်သမားထုကြီး ကို မောင်မှန် မလှုံ့ဆော်ဘူးနော်၊ တော်တော်ကြာ နိုဝင်ဘာရွေးကောက်ပွဲအတွက် တည်ငြိမ်အေးချမ်း မှု ပျက်ပြားအောင်လုပ်တယ်ဆိုပြီး စွပ်စွဲခံရမှဖြင့် ခက်ရချည်သေး။ ထမင်းမဝလည်း ဟင်းချသာ နေကြပေရော့ ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags