ရေကစားမဏ္ဍပ်များအတွက် မြို့တော်စည်ပင်မှ သတ်မှတ်နှုန်းဖြင့် ရေသွယ်နိုင်

ရေကစားမဏ္ဍပ်များအတွက် မြို့တော်စည်ပင်မှ သတ်မှတ်နှုန်းဖြင့် ရေသွယ်နိုင်

ရန်ကုန်၊ဧပြီ ၆ ။              ။ ၂၀၁၇ မဟာသင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များအတွက် ရေပေးဝေရာတွင် သတ်မှတ်နှုန်းဖြင့် မြို့တော်စည်ပင်မှ ရေပိုက်သွယ်နိုင်သလို မိမိအစီအစဉ်ဖြင့် လည်း ရေသုံးစွဲနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“ကန်တော်ကြီး၊ အင်းလျားကန်နဲ့ နီးတဲ့ မဏ္ဍပ်တွေရှိရင် ကန်တော်ကြီးကနေလည်း ရေပေးသလို အင်းလျားကန်ကနေလည်း သုံးစွဲခွင့်ပေးထားတယ်။ အဲ့လိုမနီးတဲ့ နေရာတွေကျတော့ စည်ပင်သာယာကနေ ဌာနပိုင် ရေပိုက်တွေကနေ သွယ်မယ်ဆိုရင် တစ်လက်မကို ဘယ်လောက်နှုန်းဆိုပြီး ခွင့်ပြုပေးတာ ရှိတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဌာနစုမှူး ဦးသန်းဟုတ်က မဇ္စျိမကို ပြောသည်။

စည်ပင်ပိုင်ရေပိုက်ကနေ ရေသွယ်မည်ဆိုပါက သတ်မှတ်နှုန်းထားများနှင့် ခွင့်ပြုပေးထားပြီး ကန်တော်ကြီး၊ အင်းလျားကန်မှ သတ်မှတ်ထားသည့် နှုန်းများအတိုင်း ခွင့်ပြုချက်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ရေမရှိသောနေရာများတွင်မူ ကိုယ့်အစီအစဉ်နဲ့ကိုယ် အဝီစိတွင်းများတူးပြီး သုံးတာမျိုးလည်း ရှိကြောင်း ဦးသန်းဟုတ်က ပြောသည်။

မဏ္ဍပ်တွေ ရေကစားရာမှာ မြေအောက်ရေပိုက်လိုင်းများ၊ မီးသတ်ဦးစီးဌာနက အသုံးပြုထားသည့် သီးသန့်ရေပိုက်လိုင်းများကို သုံးစွဲတာမျိုးမရှိအောင် မဏ္ဍပ်တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်ပေးရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ထုတ်ပြန်ထားသည့် မဏ္ဍပ်လျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်းချက် ၄၅ချက်တွင်း ဖော်ပြထားသည်။

၂၀၁၇ မဟာသင်္ကြန်ကာလအတွက် မဏ္ဍပ်စုစုပေါင်း ၈၂ခု ဆောက်လုပ်ခွင့်ရရှိထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly