အငြင်းပွား တောင်တရုတ်ပင်လယ်ပြင် ကျွန်းစုများပေါ်တွင် ဖိလစ်ပိုင် တပ်ဖြန့်ချထားမည်

အငြင်းပွား တောင်တရုတ်ပင်လယ်ပြင် ကျွန်းစုများပေါ်တွင် ဖိလစ်ပိုင် တပ်ဖြန့်ချထားမည်

ဧပြီ ၆ ။                   ။ တောင်တရုတ်ပင်လယ်ပြင်တွင်းရှိ လူသူမရှိသည့် ကျွန်းများ၊ ကျောက်တန်းများပေါ်တွင် မိမိတို့တပ်များကို ဖြန့်ကျက်ချထားရန် စစ်တပ်ကို အမိန့်ပေးထားကြောင်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ဧပြီ ၆ ရက်တွင် ပြောကြားလိုက်သည်။

ယင်းပိုင်ဆိုင်မှု အငြင်းပွားနေသည့် ပင်လယ်ပြင်တွင်းရှိ ကျွန်းများအနက်မှ ဖိလစ်ပိုင်တို့ ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ထားသော ကျွန်းများ၊ ကျောက်တန်းများပေါ်တွင် ယခုကဲ့သို့ တပ်များကို ဖြန့်ချကာ အခြေအနေကို စောင့်ကြည့်ထိန်းသိမ်းရန် မနီလာအစိုးရဘက်မှ စီစဉ်လုပ်ဆောင်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဖိလစ်ပိုင်၏ လုပ်ရပ်မှာ တရုတ်အပါအဝင် ယင်းပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုတောင်းခံနေသော အခြားနိုင်ငံများကို ရန်စလှုံ့ဆော်လိုက်သည့် လုပ်ရပ်လည်း ဖြစ်လာခဲ့သည်။

" ခုချိိန်မှာ ကြည့်ရတာကတော့ အားလုံးက အဲဒီမှာ ရှိတဲ့ ကျွန်းတွေကို ပိုင်ဆိုင်ခွင့်ရဖို့ လုပ်နေကြတာကို တွေ့နေရပါတယ်၊ ဒါကြောင့် ဒီလိုအချိန်မှာ လူသူမရှိတဲ့ ကျွန်းတွေပေါ်မှာ ကျွန်တော်တို့ သွားပြီး အခြေချထားတာက ပိုကောင်းမယ်ထင်ပါတယ်"

အငြင်းပွား Spratly ကျွန်းစုများအနီး Palawan ကျွန်းအနောက်ပိုင်း စစ်စခန်းတစ်ခုသို့ ရောက်ရှိစဉ် ဖိလစ်ပိုင်သမ္မတက သတင်းထောက်များနှင့် တွေ့ဆုံပြီး အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly