ရွေးကောက်ပွဲ အရေးနှင့်ရေဘေး အန္တရာယ်မှ ကယ်ဆယ်ရေး

ရွေးကောက်ပွဲ အရေးနှင့်ရေဘေး အန္တရာယ်မှ ကယ်ဆယ်ရေး

မြန်မာနိုင်ငံအထက်ပိုင်း ဒေသအချို့နှင့် ရခိုင်ပြည်နယ်၊ ရှမ်းမြောက်ဒေသ အချို့မှာ ရက်ဆက်ပြီး မိုးကြီးခြင်းကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ လမ်း၊ တံတားများ ပျက်စီးခြင်းတို့ ယခုရက်ပိုင်း မှာဖြစ်ပွားနေပေ သည်။

ယင်းသို့သော အခြေအနေတွင် ရေကြီးရာဒေသများ၌  ပြည်ထောင်စုနှင့် ဒေသန္တရအစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ မည်သို့မည်ပုံ ဆောင်ရွက်နေကြ သလဲ၊ မည်သည့် အကူအညီ ရရှိမည်လဲ၊ မည်သို့ အကူအညီ တောင်းခံနိုင်သလဲဆိုသည်ကို ယင်းဒေသရှိ ပြည်သူများ ပထမဆုံးသိရှိဖို့ လိုအပ်ပေသည်။

မိုးလေဝသ သတင်းထုတ်ပြန်ချက်၊ မြစ်ရေသတိပေးချက်၊ မုန်တိုင်းအန္တရာယ် သတိပေးချက်များလောက်နှင့် လုံလောက်သည့် အခြေအနေ မဟုတ်တော့ပေ။ ရေကြီးမှု၊ ဆည်ရေမြင့်တက် လာမှု၊ရေဖောက် ချမှုတို့နှင့် ပတ်သက်၍ ဆိုရှယ်မီဒီယာ တစ်ခုဖြစ်သည့် ဖေ့စ်ဘွတ် စာမျက်နှာများတွင် နေ့စဉ်နှင့်အမျှ ဖော်ပြနေကြသလို ယင်းတို့ကို ဖတ်ပြီး ပြည်သူများက စိုးရိမ်မှု၊ အားမလို အားမရဖြစ်မှု များဖြစ်ပွားနေ သည့် လက်ရှိ အခြေအနေကို အစိုးရက တစ်စုံတစ်ခု ဆောင်ရွက်ရန် လိုအပ်နေပေသည်။

ဥပမာအားဖြင့် သဖန်းဆိပ်ဆည် ရေစိုးရိမ်ရေမှတ်ရောက်ရန် တစ်ပေသာ လိုတော့ သည် ရေဖောက်ချနိုင်သည်။ အောက်ဘက်အရပ်ရှိ ကျေးရွာများ အန္တရာယ်ရှိသည်ဆို သည့်ရေးသားမှု များဖေ့စ်ဘွတ်ပေါ် တွင် တွေ့ရသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့ အစည်းတို့က ပြန်လည်ရှင်းလင်း ပြောဆိုရန် အရေးတစ်ကြီးလိုအပ်မည်ဖြစ်သည်။

အထက်က ထောက်ပြခဲ့သကဲ့သို့ ပြည်သူတွေ သိသင့်သည့် သတင်းအချက်အလက် များကို ပြည်သူများထံ မြန်မြန်ဆန်ဆန် ရှင်းလင်းဖြေကြားဖို့ အရေးကြီးသလို ရေဘေး အန္တရာယ် ကြုံတွေ့နေရ သည့်မြေပြင်တွင်လည်း ကူညီရေးနှင့် ကယ်ဆယ်ရေးတို့ကို ထိထိ ရောက်ရောက် လုပ်ဆောင်ဖို့ အရေးကြီးကြောင်း အစိုးရကို ထောက်ပြရေးသားလိုပေသည်။

တကယ်ကူညီနေပြီး သိရှိအောင် မပြောသည့်အဖြစ်ကြောင့် လူထုက မသိခြင်း၊  သို့မဟုတ် အမှန်တကယ် ထိရောက်သည့် ကူညီကယ်ဆယ်မှု မရှိခြင်းကြောင့် လူထုက မသိခြင်းနှစ်မျိုး စလုံးဖြစ်နိုင်သော်လည်း ယခုအဖြစ်အပျက်က  ထိရောက်သည့် လုပ်ဆောင် မှုမျိုး လုပ်ဆောင်နိုင်ခြင်း မရှိသေးဟုသာ ကောက်ချက်ချရပေမည်။

သတင်းများ၊ ဆိုရှယ်မီဒီယာများတွင် မီးသတ်များ၊ တပ်မတော်တပ်သားများနှင့် ကြက်ခြေနီများက ရေကြီးဒဏ်ခံ အရပ်သူ အရပ်သားများအား စားစရာ သောက်ရေပေးခြင်း၊ ကူညီသယ်ဆောင်ပေးသည့် ဓာတ်ပုံအချို့တော့ တွေ့မြင်ရသည်မှာ မှန်ပေသည်။

သို့သော် အင်နှင့် အားနှင့် အလုံးအရင်းနှင့် ထိရောက်သည့် ကူညီမှုမျိုး ဆိုရှယ် မီဒီယာတွင် မတွေ့ရသလို သတင်းမီဒီယာများကလည်း ရေးသားဖော်ပြခြင်းမျိုး မတွေ့ရ သည်မှာ အမှန်ပင်ဖြစ်သည်။

ပညာရှင်တစ်ယောက်က နိုင်ငံတော် အစိုးရက ရေကြီးသည့် ဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများကို အရေးပေါ် အခြေအနေ ကြေညာပြီး လုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည် ကိုတွေ့ ရသည်။

မဇ္ဈိမအနေဖြင့်လည်း အမှန်တကယ် ယင်းသို့ လုပ်ဆောင်ရန် လိုအပ်နေပြီဟု တသဘောတည်းရှိသည်။ ယခုအချိန်တွင် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး၊ မဲရရှိရေး မရရှိရေးစသော အရေးကိစ္စများ ထက်ပြည်သူလူထု လက်တွေ့ခံစားနေရသည့် ရေဘေး အန္တရာယ်အရေးကို အရေးတကြီးထားကာ အစိုးရတစ်ရပ်တွင် ရှိသည့် ယန္တရားများဖြစ်သော အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး စီမံခန့်ခွဲရေးတို့၏ အင်အား အစွမ်းကုန်သုံးကာ ကူညီကယ်ဆယ်ခြင်း လုပ်သင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags