ဆီးရီးယားက ဓာတုအဆိပ်ဖြင့် တိုက်ခိုက်မှု၌ ကလေး နှစ်ဆယ်အပါအဝင် သေဆုံး ရ ၂ ဦးအထိ ရှိလာ

ဆီးရီးယားက ဓာတုအဆိပ်ဖြင့် တိုက်ခိုက်မှု၌ ကလေး နှစ်ဆယ်အပါအဝင် သေဆုံး ရ ၂ ဦးအထိ ရှိလာ

ဒမတ်စကပ်၊ ဧပြီ ၅ ။            ။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက သူပုန်ထိန်းချုပ်နယ်မြေအတွင်း ဓာတုအဆိပ်ဖြင့် တိုက်ခိုက်မှုတွင် သေဆုံးသူဦးရေက ကလေး ၂၀ ဦး အပါအဝင် ရ၂ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

မြောက်ပိုင်း အိဒ်လစ်ပြည်နယ်က ခန်းရှိခိုအန်းမြို့တွင် ဧပြီ ၄ ရက်က တိုက်ခိုက်မှုဖြစ်ခဲ့ရာ၌ သေဆုံးသူများတွင် အမျိုးသမီး ၁၄ ဦးလည်း ပါဝင်ကြောင်း၊ အမျိုးအမည်မသိ စစ်လေယာဉ်များက ဓာတုအဆိပ်ဗုံးကြဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစို်က ဆီးရီးယားလူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

အဆိုပါတိုက်ခိုက်မှု၏ နောက်ကွယ်မှ အဓိကလက်သည်မှာ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာ ဆတ်ပဲ ဖြစ်သည်ဟု သက်သေများအားလုံးက ညွှန်ပြနေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘိုရစ်ဂျွန်ဆင်က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

“ ကျနော်တွေ့ခဲ့ရသမျှ သက်သေတွေအားလုံးကတော့ အာဆတ်အစိုးရရဲ့ လက်ချက်ပဲဖြစ်တယ်ဆိုတာ ဖော်ပြ နေပါတယ်။ သူဟာ သူ့ရဲ့ပြည်သူတွေအပေါ် တရားမဝင်လက်နက်တွေကို အသုံးပြုတိုက်ခိုက်ခဲ့တာပါ” ဟု ဘရက်ဆဲလ်မြို့၌ ဆီးရီးယားအား အကူအညီပေးရေး ညီလာခံသို့ တက်ရောက်ရန် ရောက်ရှိလာသော ဂျွန်ဆင် က ပြောခဲ့သည်။

ဘရက်ဆဲလ်မြို့၌ ကျင်းပသော ညီလာခံအား ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂ တို့မှ ပူးတွဲဦးဆောင်၍ ကျင်းပနေခြင်းဖြစ်ပြီး စစ်ကြောင့် ပျက်စီးနေသော ဆီးရီးယားနိုင်ငံအတွက် လူသားချင်းဆိုင်ရာ အထောက်အပံ့ များ ပေးအပ်သွားနိုင်ရန်နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly