Mekong Challenge 2017 ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် မြန်မာအသင်းများအား ဂုဏ်ပြု

Mekong Challenge 2017 ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် မြန်မာအသင်းများအား ဂုဏ်ပြု

ရန်ကုန်၊ ဧပြီ ၅ ။            ။ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) နှင့် ရန်ကုန်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် Mekong Challenge 2017 ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် Gulpzilla အဖွဲ့ နှင့် M-Science အဖွဲ့တို့ကို ဂုဏ်ပြုသည့် အခမ်းအနားကို ဧပြီလ ၄ ရက်က UMFCCI အသင်းရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဆုဖြစ်သည့် Gold Medal of the Mekong Challenge 2017 ဆုကို Gulpzilla အဖွဲ့က ရရှိခဲ့ပြီး M-Science အဖွဲ့က KBZ Disruptor Award အထူးဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ပထမဆုရရှိခဲ့သည့် Gulpzilla အဖွဲ့သည်  အမေရိကန်နိုင်ငံတွင် ကျင်းပမည့် International Business Competition ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အစားအသောက်နှင့် ပတ်သက်၍ Application ရေးသား တီထွင်ခဲ့သည့် ပထမဆုရှင် Gulpzilla အဖွဲ့ဝင် ကိုမိုက်ကယ်က ၎င်းတို့အဖွဲ့ ပထမဆုရခဲ့သည့် အကြောင်းအရင်းကို ယခုလိုပြောပြသည်။

“အိုင်ဒီယာကောင်းလားဆိုတာကတော့ သူများတွေလည်း ဒီ အိုင်ဒီယာ သုံးနေတာပဲ။ အဲဒီထက် ကျွန်တော်တို့က ဘာရှိလဲဆိုတော့ great team ပေါ့။ ကျွန်တော်တို့ရဲ့ team က တော်တော်ကောင်းတယ်လို့ ပြောရမယ်။ လူသိပ်ညီကြတယ်။ ကျွန်တော်တို့ အကုန်လုံး အားကြိုးမာန်တက် လုပ်ကြတာပေါ့လေ။ တစ်နေရာပြီး တစ်နေရာ လုပ်ကြတာဆိုတော့ ဒါ ကျွန်တော်တို့ရဲ့ အားသာချက်ပဲ။ အဲဒီမှာလည်း Judge တွေကမြင်ပြီး ကျွန်တော်တို့က အမှတ်ပေးသွားတာ ဖြစ်မယ်။ ဒီဟာက ကျွန်တော်တို့ First ရတာတော့ ကောင်းတယ်။ ဒါ ကျွန်တော်တို့ရဲ့ Validtation ရတယ်။ ဒါပေမယ့် တကယ်က မားကတ်ထဲမှာ အောင်မြင်ဖို့က အရေးကြီးဆုံးပါပဲ။” ဟုပြောသည်။

အထူးဆုရှင် M Science အဖွဲ့ဝင် မချစ်အိမ့်သူထံကလည်း ပြိုင်ပွဲဝင် product အကြောင်းကို ယခုလိုကြားသိခဲ့ရသည်။

“မြန်မာနိုင်ငံက စုစုပေါင်း (၄) ဖွဲ့ ဝင်ပြိုင်ခဲ့တယ်ပေါ့။ ညီမတို့ အဖွဲ့ရယ် နောက်ထပ် (၃) ဖွဲ့ရယ်ပေါ့။ အကုန်လုံး ညီမတို့ပြတဲ့ Product တွေက Production ပါတယ်။ Service တွေပါတယ်ပေါ့။ ညီမတို့ အဖွဲ့က အဓိက,က ပညာပေးရေးပေါ့။ ဒီနိုင်ငံမှာ ပညာရေးအတွက် သင်ထောက်ကူပစ္စည်း ဖြစ်မယ့် ပညာရေးကို နည်းပညာနဲ့ပေါ့။ အထက်တန်းကျောင်းသားတွေအတွက် ဒီ Product ကို ပြခဲ့တာပေါ့။ ပြီးတော့ ညီမတို့က Prototype တွေလည်း ပြခဲ့တယ်ပေါ့။ ဒါ ဘယ်လိုမျိုးဖြစ်မယ်။ ပြီးတော့ မိုဘိုင်းနဲ့ အသုံးပြုပြီး စာသင်လို့ရမယ်ပေါ့။ အဲဒါကို ညီမတို့က ဝင်ပြိုင်ခဲ့တယ်။ အဲလိုမျိုး ဝင်ပြိုင်ခဲ့ လို့လည်း Disruptor ပေါ့။ ကမ္ဘောဇကပေးတဲ့ ဆုကို ရရှိခဲ့တာပေါ့။ Disruptor သူတို့က ဒီဆုက အထူးဆုပေါ့နော်။ ပုံမှန်ဆိုရင်တော့ ပထမ၊ ဒုတိယ၊ တတိယ သုံးဆုပဲရှိတယ်ပေါ့။ ဒါပေမယ့် ကမ္ဘောဇက အထူးဆု ဆိုပြီးတော့ လုပ်လိုက်တယ်။ ညီမတို့ရဲ့ Product က Education လည်း ဖြစ်တယ်။ တကယ်လည်း ညီမတို့နိုင်ငံမှာ လိုအပ်နေတဲ့အတွက် အဲဒီဆုကို ညီမတို့ရရှိခဲ့တာပါ။”
ဟု ပြောသည်။

အဆိုပါပြိုင်ပွဲကို မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ဘူတန် စုစုပေါင်း ၅ နိုင်ငံက အသင်း ၁၁ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ Mekong Challenge 2017 ပြိုင်ပွဲကို မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ Melia Hotel တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဒုတိယအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly