မန္တလေး၊ ဧပြီ ၅ ။ ။ မြန်မာနိုင်ငံမှာရှိသည့် ပြည်သူလူအားလုံး နှစ်သစ်မှာ ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခဖြင့် ပြည့်စုံပြီး တစ်နိုင်ငံလုံးမှာ စစ်ပွဲတွေ ချုပ်ငြိမ်းပြီးတော့ ငြိမ်းချမ်းရေးကိုလည်း ရယူခံစားနိုင်ပါစေဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ နှစ်သစ်ကူး ဆုတောင်းစကားကို မဇ္ဈိမမှတဆင့် ဆိုလိုက်သည်။
"မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုအားလုံး နှစ်သစ်မှာ ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသော သုခနဲ့ ပြည့်စုံနိုင်ကြပါစေ။ ငြိမ်းချမ်းရေးအရသာ တစ်နိုင်ငံလုံးမှာ စစ်ပွဲတွေ ချုပ်ငြိမ်းပြီးတော့ ငြိမ်းချမ်းရေးကိုလည်း ရယူခံစားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။"ဟု ဒေါက်တာဇော်မြင့်မောင်က ဆုတောင်းစကားဆိုသည်။
ဆက်လက်၍ ဒေါက်တာ ဇော်မြင့်မောင်က "အထူးသဖြင့် နယ်စပ်ဒေသမှာ စစ်မက်ဖြစ်ပွားနေတဲ့ဒေသမှာရှိတဲ့ ပြည်သူလူထုတွေ အားမငယ်ပါနဲ့ ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရပြီး ၂၁ ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ရှိသမျှအင်အားနဲ့ ပြည်သူလူထုရဲ့ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပါဝင်ကူညီခြင်းနဲ့ ကျွန်တော်တို့နိုင်ငံကို ငြိမ်းချမ်းသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်ရာမှာ အားလုံးပါဝင်ကူညီပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပြီး စီးပွားလာဒ်လာဘလည်း ဖွံ့ဖြိုးတိုးတက်ပါစေ။"ဟု ဆုတောင်းသည်။
အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူလူထုနှင့်အတူ တစ်သားတည်းဖြစ်အောင် ပြည်သူ့အကျိုးအတွက် ဆထက်ထမ်းပို လုပ်ဆောင်သွားမည်ဟု ကတိပေး၍ ဒေါက်တာဇော်မြင့်မောင်က ဆုတောင်းပေးသည်။