ကြားဖြတ်ရွေးကောက်ပွဲအတွင်း ကျေးသီးမဲဆန္ဒနယ်တွင် ပယ်မဲအရေအတွက် ထုတ်ပြန်ခြင်း မရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်ကွန်ယက်ပြော

ကြားဖြတ်ရွေးကောက်ပွဲအတွင်း ကျေးသီးမဲဆန္ဒနယ်တွင် ပယ်မဲအရေအတွက် ထုတ်ပြန်ခြင်း မရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်ကွန်ယက်ပြော

ရန်ကုန်၊ ဧပြီ ၅ ။              ။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပြီး အခြားမဲဆန္ဒနယ်များတွင် ခိုင်လုံမဲရေတွက်မှုအပြင် ပယ်မဲအရေအတွက်ကိုပါ ထုတ်ပြန်ကြေငြာသော်လည်း ရှမ်းပြည်နယ် ကျေးသီးမဲဆန္ဒနယ်တွင် ပယ်မဲများကို ရေတွက်ခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ယက် (MEON) ကထုတ်ပြန်လိုက်သည်။

ဧပြီလ ၅ရက်က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ကျင်းပခဲ့သော MEON ၏ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနေ့ ကနဦးတွေ့ရှိချက်များ ထုတ်ပြန်ကြေညာပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

"ကျေးသီးမဲဆန္ဒနယ်မှာရှိတဲ့ မဲရုံကိုယ်စားလှယ်တွေက ပယ်မဲကို ရေတွက်ရမယ်ဆိုတဲ့ information(သတင်း) gap(ကွာဟချက်) ဖြစ်သွားပုံရတယ်၊ အဲ့တော့ သူတို့ ပယ်မဲကို မရေတော့ဘူး၊ ပယ်မဲတွေကို ဒီအတိုင်း ထားလိုက်ဆိုပြီး ခိုင်လုံမဲတွေကိုပဲ ရေတွက်သွားတာ ရှိတယ်၊ အဲ့ဒီမှာ ပယ်မဲဆိုပြီး list(စာရင်း) မထွက်လာခဲ့တော့ဘူး၊ ကျေးသီးမဲဆန္ဒနယ်မှာ မဲရုံတော်တော်များများပဲ၊ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲကော်မရှင်က announce (ထုတ်ပြန်တာ) လုပ်ပြီဆိုတာနဲ့ ဒီဟာက ခိုင်လုံမဲဖြစ်တယ်၊ ဒီဟာက ပယ်မဲဖြစ်တယ် ဒါ ဘယ်လောက်ဆိုပြီး list(စာရင်း)တွေ ထွက်တယ်၊ အဲ့မှာ ကျေးသီးမှာ ပယ်မဲဘယ်လောက်ဆိုတာ မပါလာခဲ့ဘူး" ဟု MEON တွင် ပါဝင်ခဲ့သော အဖွဲ့တစ်ခုဖြစ်သည့် Rainmaker ၏ စီမံကိန်းဒါရိုက်တာ မအေးသန္တာအောင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ယက်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စောင့်ကြည့်သွားမည်ဖြစ်ပြီး အပြီးသတ်အစီအရင်ခံစာကို ရက်ပေါင်း (၆၀) အတွင်း ထုတ်ပြန်သွားမည် ဖြစ်သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်  မဲဆန္ဒနယ် (၂၂)ခု ရှိခဲ့ပြီး ယခုကဲ့သို့ ပယ်မဲရေတွက်ခြင်းမရှိခဲ့သည့် ကျေးသီးမဲဆန္ဒနယ်တွင်မူ မဲပေးခွင့်ရှိသူ ၅၃၄၈၄ ဦးအနက် လာရောက်ဆန္ဒမဲပေးခဲ့သူ ၅၃ ရာခိုင်နှုန်း ရှိကြောင်း မြန်မာနိုင်ငံရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ယက်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly