ဦးဝီရသူက ဝဇီဒုစရိုက်လေးပါးကို ကျူးလွန်နေသည်ဟု သာသာနာရေးပြော

ဦးဝီရသူက ဝဇီဒုစရိုက်လေးပါးကို ကျူးလွန်နေသည်ဟု သာသာနာရေးပြော

ရန်ကုန်၊ ဧပြီလ ၅ ။                    ။ ဦးဝီရသူသည် သာမန်ထေရဝါဒ ဗုဒ္ဒဘာသာဝင် လူပုဂ္ဂိုလ်တစ်ဦးပင် စောင့်ထိန်းသင့်သော ဝစီဒုစရိုက်လေးပါးကို ရဟန်းတစ်ပါးအနေဖြင့် ကျူးလွန်နေသူ   ဖြစ်သည့်အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ တရားမဟောရန် တစ်နှစ်တိတိ ပိတ်ပင်ခံထားရသူဖြစ်ကြောင်း ဧပြီလ ၅ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကိုဆွေဝင်းထံ   ပြန်ကြားစာတွင် ပြောထားသည်။

တရားစွဲဆို အမှုဖွင့်ခံထားရသည့် ကိုဆွေဝင်းက တရားစွဲခံထားရသည့်အကြောင်းအရာနှင့် ပတ်သက်ပြီး ဧပြီလ ၃ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို သဘောထား မှတ်ချက်   တောင်းခံခဲ့ရာ ဧပြီလ ၅ ရက်၌ အချက်(၇) ချက်ပါဝင်သည့် သဘောထားထုတ်ပြန်ချက်ကို သာသနာရေးမှ ကိုဆွေဝင်းထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြန်ကြားစာတွင် ကိုဆွေဝင်းပြောကြားချက်များသည် ကိုယ်ကျင့်သိက္ခာနှင့် အမှန် တကယ်ပြည့်စုံသူကိုသာ ဂုဏ်သိက္ခာညှိုးနွမ်းစေလိုသော သဘောဆန္ဒဖြင့် ပြောဆိုစွပ်စွဲပါက အသရေဖျက်မှုနှင့် အကျံုးဝင်နိုင်ကြောင်း၊ သို့သော် ဦးဝီရသူသည် ဝစီဒုစရိုက်လေးပါးကို ရဟန်းတစ်ပါးအနေဖြင့် ကျူးလွန်နေသူဖြစ်သည့်အတွက် ဦးဝီရသူအပေါ် သတင်းသမားအနေဖြင့် တစ်ဆင့်ဝေဖန်ဖော်ပြခြင်းသာဖြစ်၍ အသရေဖျက်ရာ မရောက်ကြောင်း ဖော်ပြပါရှိသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆ (ဃ)တွင်လည်း “ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေ ဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်း” ဟု ဖော်ပြပါရှိ၍ ကိုဆွေဝင်းသည် ဖြစ်ပေါ်နေသော သတင်းအချက်အလက်အပေါ် ဝေဖန်ခြင်းသာဖြစ်သဖြင့် ဦးဝီရသူကို အသရေဖျက်ရာ မရောက်ဟု သုံးသပ်ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သဘောထား ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာနောင်းသတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅ -(က)ဖြင့် တရားစွဲဆိုထားမှုတွင် ကိုဆွေဝင်းက ဦးဝီရသူနှင့် ပတ်သက်ပြီး ပြောကြားချက်များမှာ သတင်းအချက်အလက်များအပေါ် သဘောရိုးဖြင့် ဝေဖန်ထောက်ပြခြင်းသာဖြစ်၍ သာသနာတော်နှင့် ငြိစွန်းချက်မရှိသဖြင့် ပုဒ်မ - ၁၉၅ - က ကို ကိုဆွေဝင်းမှ ကျူးလွန်ရာ မရောက်ကြောင်းပါရှိသည်။

ကိုဆွေဝင်း အမှုနှင့် ပတ်သက်ပြီး ယခုကဲ့သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သဘောထား ထုတ်ပြန်ချက်ပေးခြင်းမှာ စွပ်စွဲခံထားရသည့် ကိုဆွေဝင်းအနေဖြင့် သက်ဆိုင်ရာ ဌာနများသို့   ဖြေရှင်းတင်ပြရာတွင် အထောက်အထားများအဖြစ် အသုံးပြုနိုင်စေရန် သဘောထားထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly