ပါကစ္စတန်တွင် သန်းခေါင်စာရင်းကောက်ခံသည့်အဖွဲ့ကို တာလီဘန်တို့ ဗုံးခွဲတိုက်ခိုက်၍ ငါးဦး သေဆုံး

ပါကစ္စတန်တွင် သန်းခေါင်စာရင်းကောက်ခံသည့်အဖွဲ့ကို တာလီဘန်တို့ ဗုံးခွဲတိုက်ခိုက်၍ ငါးဦး သေဆုံး

ဧပြီ ၅ ။                       ။ ပါကစ္စတန်နိုင်ငံတွင် ဧပြီ ၄ ရက်က ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုတစ်ခုအတွင်း အနည်းဆုံး ငါးဦး သေဆုံးကာ အခြား ဆယ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ကနဦး စုံစမ်းစစ်ဆေးမှုများအရ ယင်းမှာ သန်းခေါင်စာရင်း ကောက်ခံရေးအဖွဲ့ကို တာလီဘန်အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ကြောင်း တာဝန်ရှိသူများ ပြောသည်။

ယခုအခါ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ပန်ဂျပ် ဒေသ ဘက်ဒီယန် လမ်းကို လုံခြံုရေးတပ်ဖွဲ့ဝင်များက ပိတ်ထားလိုက်ပြီ ဖြစ်ကာ စစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိသည်။ ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ယင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကို မိမိတို့လုပ်ဆောင်ကြောင်း ပါကစ္စတန် တာလီဘန်အဖွဲ့ခွဲ TTP က ထုတ်ပြောထားသည်ဟုလည်း သိရသည်။

" ကြည့်ရတာတော့ ဒါ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပုံရပါတယ်" ဟု ပန်ဂျပ် ဒေသ ဥပဒေရေးရာ ၀န်ကြီး ရာနာ ဆာနျူလာက ပြောသည်။

ယခုဖြစ်စဉ်တွင် နိုင်ငံ၌ ဆယ်စုနှစ်နှစ်စုကြာပြီးနောက် ပထမဆုံး သန်းခေါင်စာရင်းကောက်ယူမှုကို လုပ်ဆောင်ပေးနေသည်အဖွဲ့ ပစ်မှတ်ထားတို်က်ခိုက်ခံလိုက်ရခြင်း ဖြစ်ကြောင်းလည်း စုံစမ်းစစ်ဆေးမှုများအရ  သိရသည်။

" ဒါက အသေခံဖောက်ခွဲမှုတစ်ခု ဖြစ်ပုံရပါတယ်၊ သန်းခေါင်စာရင်း ကောက်ဖို့က အမျိုးသားရေး တာဝန်တစ်ခုပါ၊ ခုလို အဖျက်အမှောင့်တွေကြောင့်တော့ ဒီလုပ်ငန်းကို မရပ်လိုက်နိုင်ပါဘူး၊ ဆက်လုပ်သွားမှာ   ဖြစ်ပါတယ်၊ ဒါပေမယ့်တစ်ဘက်မှာကြည့်တော့လည်း လုံခြံုရေးပိုင်း ကစိတ်မချရပြန်ပါဘူး၊ အသေခံဖောက်ခွဲမှုတွေကို ကြိုတင်ကာကွယ်ဖို့က ခက်ပါတယ်" ဟု လာဟိုးမြို့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အဗ္ဘဒူ ဆမ်ဘယ်လ်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags