ကိုးလအကြာ အမှုရင်ဆိုင်နေရသည့် ခိုင်မျိုးထွန်းအား စွဲချက်တင်မည်

ကိုးလအကြာ အမှုရင်ဆိုင်နေရသည့် ခိုင်မျိုးထွန်းအား စွဲချက်တင်မည်
ဓါတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ ဧပြီ ၅ ရက် ။             ။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အချိန်တွင် ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ မပြုလုပ်ရန်အတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်မှာ တပ်မတော်အပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟုဆိုကာ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခိုင်မျိုးထွန်းအား စစ်တွေအကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်မှာ ကိုးလခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။  

အဆိုပါ ထုတ်ပြန်ချက်နှင့် ပါတ်သက်၍ အကျဉ်းထောင်တွင်းမှ အမှုရင်ဆိုင်နေရသည့် ခိုင်မျိုးထွန်းအား ပြီးခဲ့သည့် မတ်လ ၂၉ ရက် ရုံးချိန်းတွင် တရားလိုဘက်မှ တင်ပြထားသော သက်သေခံအချက်အလက်များမှာ ခိုင်လုံမှုမရှိသည့်အတွက် စွဲချက်မတင်သင့်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက လျှောက်လဲချက်ပေးခဲ့သော် လည်း ဧပြီလ ၅ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်ရန် ပြင်ဆိုင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

“ဒီနေ့ ကျွန်တော့်ကို တရားရုံးကဆုံးဖြတ်လိုက်တာက လုံးဝမရားဘူး။ ကျွန်တော်ကို အပြစ်ရှိလား မရှိဘူးလားမေး တယ်။ မရှိဘူးလို့ဖြေတယ်။ ဒါပေမယ့် တရားလိုဖြစ်တဲ့ ဗိုလ်မှူးကြီးထိန်လင်းနဲ့ ဗိုလ်မှူးကြီး တင့်နိုင်ထွန်းကို ပြန်ပြီးတော့မေးရ မယ်လို့ပြောတယ်။ NCA အရ ရှင်းရမယ့်ဟာကို မရှင်းဘဲ တရားရုံးကို ခေါ်လာတာဟာ NCA ကို ချိုးဖောက်တာပဲ။”ဟု အမှုရင်ဆိုင်နေရသည့် ဦးခိုင်မျိုးထွန်းက ပြောသည်။

ထို့ကြောင့် တရားလွှတ်တော်အနေဖြင့် အမှုရင်ဆိုင်လျှက်ရှိသည့် တရားစွဲဆိုခံထားရသူအပေါ် စွဲဆိုထားသည့် အမှုနှင့် ပါတ်သက်၍ စွဲချက်တင်သင့် မတင်သင့်ကြောင်းကို ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ တရားလိုဖြစ်သူ၏ သဘောထားကိုရယူပြီးမှ သာ အဆုံးအဖြတ်ပေးရန် ပြင်ဆင်ခြင်းမှာ တပ်မတော်နှင့် ပြီးခဲ့သည့်ဦးသိန်းစိန်အစိုးရတို့ သဘောတူချုပ်ဆိုခဲ့သည့် NCA လက်မှတ် ရေးထိုးထားမှုအပေါ် တရားရုံးမှ ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ဦးခိုင်မျိုးထွန်းက ဆက်လက်ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့အပါတ်က လျှောက်လဲချက်မှာ စစ်တပ်ဘက်က သက်သေခိုင်လုံမှုမရှိတဲ့အတွက် စွဲချက်မတင်သင့်ကြောင်းကို ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဗိုလ်မှူးကြီးတင့်နိုင်ထွန်းနဲ့ ဗိုလ်မှူးကြီးထိန်လင်းတို့ကို ပြန်စစ်မယ်လို့ ပြောပါ တယ်။ ကျွန်မတို့စဉ်းစားတာက စစ်တပ်က ဖိအားတွေပေးပြီးတော့ စွဲချက်တင်မလား။ NCA လက်မှတ်ထိုးထားတဲ့ အပေါ် အဆုံးအဖြတ်ပေးမလား ဆိုတာတော့ မသိရသေးဘူး။” ဟု လိုက်ပါကူညီပေးနေသူ ဒေါ်ကျော့မေက ပြောသည်။

ယင်းအပြင် ကိုးလတာကာလအတွင်း အကျဉ်းထောင်မှနေ၍ အမှုရင်ဆိုင်နေရသည့် ဦးခိုင်မျိုးထွန်းမှာ ရုံးချိန်း ၂၄ ကြိမ်ခန့်ရှိနေပြီဖြစ်သော်လည်း ၎င်းအားတစ်ကြိမ်မျှ စစ်ဆေးမှုမပြုသေးသည့်အပြင် ၂၅ ကြိမ်မြောက် ရုံးချိန်းကို ထပ်မံချိန်းဆိုလိုက်ကြောင်းနှင့် တရားရုံး၏ရပ်တည်ချက်မှာ ရိုးသားမှုမရှိဟုဆိုကာ ယနေ့နက်ပိုင်းက အမှုကြားနာရန် ရောက်ရှိလာခဲ့ကြသည့် ပြည်သူတချို့တို့က တရားရုံး၏လုပ်ရပ်များမှာ ယုံကြည်စရာမရှိကြောင်း ကြေားကြော်မှုများကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly