ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များကို ပညာပေးရာ၌ စိတ်ဝင်စားမှုရှိအောင် ဆောင်ရွက်သင့်ဟု ဝေဖန်

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များကို ပညာပေးရာ၌ စိတ်ဝင်စားမှုရှိအောင် ဆောင်ရွက်သင့်ဟု ဝေဖန်

ရန်ကုန်၊ ဧပြီ ၄ ။              ။ ရွေးကောက်ပွဲကော်မရှင်အနေနှင့် မဲဆန္ဒရှင်ပညာပေးရာတွင် သေချာဆောင်ရွက်လျှင် လူပိုမိုစိတ်ဝင်စားနိုင်ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရာတွင် ပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Election Education And Observation Partners (EEOP) အဖွဲ့က မနန်းမွေဆိုင်က အကြံပြုပြောကြားသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကနဦးအစီရင်ခံစာထုတ်ပြန်သည့် ဧပြီလ ၃ ရက်က Park Royal ဟိုတယ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"UEC(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) အနေနဲ့ ဒီဟာအတွက်ဘတ်ဂျက်ကို ချပေးသင့်တယ်။ ပြည်သူတွေ နားလည်သဘောပေါက်နေအောင်လည်း ဥပမာ။ ချန်နယ်တွေ အများကြီးရှိပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ချန်နယ်တွေမှာ တစ်ပတ်တစ်ခါမဟုတ်ရင်တောင် ၂ပတ် ၃ပတ် တစ်ခါ အမြဲတမ်း ဒီရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးတော့ သီချင်းလေးတွေပဲဖြစ်ဖြစ် သရုပ်ပြတာပဲဖြစ်ဖြစ် ကာတွန်းလေးတွေနဲ့ပေါ့နော် အခုရှိနေတဲ့ ကလေးတွေကအစ ရွေးကောက်ပွဲဆိုတာကို စိတ်ဝင်စားလာပြီဆိုရင် မဲပေးမှုဖြစ်စဉ်မှာ ရာခိုင်နူန်းလျော့တာတို့ဘာတို့ မဖြစ်တော့ဘူးပေါ့နော်" ဟု ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရှမ်းပြည်နယ်၌ ဒေတာကောက်ခဲ့သူ EEOP က မနန်းမွေဆိုင်က ဆိုသည်။

မဲဆန္ဒရှင်ပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ကမ်းစာစောင်၊ ပိုစတာ နှင့် မဲပုံးနမူနာများကို ထောက်ပံ့ပေးထားပြီး အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ဘတ်ဂျက်ထောက်ပံ့ပေးနေရမှုအပေါ် မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို မှီခိုနေသည်ထက် ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်သင့်ကြောင်း သူကဆက်ပြောသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်ပေါင်း ၂.၂သန်းခန့် (၂,၁၃၀,၂၀၈ ဦး) တွင် ၈ သိန်းနီးပါး(၇၈၄,၉၀၉ ဦး) ဖြင့် စုစုပေါင်း ၃၆.၈၄% မဲပေးခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၆,၄၇၆,၅၇၃ ဦးတွင် ၄,၄၂၃,၁၀၁ ဦးဖြင့် မဲဆန္ဒရှင်စုစုပေါင်း၏ ၆၈.၂၉% မဲပေးခဲ့ကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly