သတင်းစာနှင့်အတူ

သတင်းစာနှင့်အတူ
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

အစိုးရသစ် တစ်နှစ်ပြည့်ပါပြီ။ ပြောင်းလဲချိန်တန်ပြီဆိုတာလည်း တစ်နှစ်ကြာပြီဆိုတဲ့ သဘောပေါ့။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အစိုးရ တစ်နှစ်ပြည့် မိန့်ခွန်းလည်း နားထောင်လိုက်ရပါတယ်။ ပြည်သူနဲ့အတူတဲ့၊ ကြွေးကြော်သံအသစ် ထွက်လာပါတယ်။ တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံပိုင်သတင်းစာကြီးတွေကလ်ညး အစိုးရကို ဂုဏ်ပြုကြပါတယ်။ ပြည်သူနဲ့အတူဆိုတဲ့ စာသားကြီးကို မျက်နှာဖုံးအကြီးမှာ အကြီးကြီး ဖော်ပြကြတာ အလွန်နှစ်ထောင်း အားရစရာ ကောင်းလှပါတယ်ခင်ဗျာ။

ကြေးမုံသတင်းစာ နောက်ကျောဖုံးမှာလည်း ပြည်သူနဲ့အတူပါပဲ။ ယခင်စာပေစိစစ်ရေးတုန်းက အရာရှိကြီးတစ်ယောက်ရဲ့ ကဗျာခေါင်းစဉ်ပါ။ ရိုးရာဟန်နဲ့ ရေးထားပြီး တစ်နှစ်သားအစိုးရကို ထောက်ခံထားတာ မောင်မှန်ဖြင့် ကြက်သီးတဖြန်းဖြန်းတောင် ထပါတယ်။ ''ပြည်သူလူထု ယုံကြည်မှုဖြင့်၊ စုံညီပြု ရွေးချယ်သည်၊ ဒီမိုကရေစီအစိုးရ" ဆိုပြီး ကဗျာကို ဖွင့်ထားပြီး အတွင်းထဲမှာလည်း အင်းဝသားကဗျာဆရာကြီးရဲ့ ကဗျာ၊ အစဉ်အလာကြီးမားတဲ့ ကဗျာဆရာကြီးပါ။ ရထားလိုက်တဲ့ဆုတွေဆိုတာလည်း မနည်းဘူး။ တစ်သက်တာစာပေဆုတောင်ပါလိုက်သေး။ တော်လှန်ရေးကောင်စီခေတ်လောက်ကကို စပြီး ဆုရလာတာ၊ နည်းနည်းနောနောဝါ မဟုတ်ဘူး။ ဒါပေမဲ့ ရှေးအဖိုးကြီး အန်းဒိတ်ကြီးလို့တော့ မထင်လိုက်နဲ့နော်။ ခေတ်မီတယ်၊ ခေတ်ကို မျက်ခြေမပြတ်ဘူး၊ ပြည်သူနဲ့ တစ်သားတည်းပဲ၊ ရေးထားတဲ့ ကဗျာကလည်း ရိုးရာဟန်မဟုတ်ဘူး။ လွတ်လပ်ကာရန် (Free Verse) နဲ့ ရေးထားတာ။ ခေါင်းစဉ်က အခါလည်းသားတဲ့။ တင်းစားချက်ကလည်း လမင်းကြီးနဲ့ တင်စားထားတာ၊ ဝတယ် သန်တယ်တဲ့။ လမ်းလျှောက်တတ်ပြီ၊ မေမေဖေဖေခေါ်တတ်ပြီတဲ့။ (ပြည်သူသာအမိ ပြည်သူသာအဖဖြစ်မယ်) မျက်လုံးကြည် ပါးနီလေးတွေနဲ့၊ ဒါတောင် ဆန်းစပဲရှိသေးတယ်တဲ့နော်။ ပြည့်များပြည့်ရင် တစ်ကမ္ဘာလုံး ထိန်လင်းသွားမယ် လမင်းကြီးတဲ့။ မောင်မှန် နားလည်သလို စကားပြေပြန်ပြလိုက်တာပါခင်ဗျာ။ အပြတ်မိုက်တယ်နော်၊ မော်ဒန်လည်း ဖြစ်တယ်နော်၊ တစ်နှစ်သားအစိုးရကို ဆန်းစသော်တာနဲ့ ခိုင်းနှိုင်းထားတာ၊ မဆလခေတ်က ရှေ့သို့ စာစောင်တို့ဘာတို့ထဲက ကဗျာတွေကိုတောင် ပြန်အမှတ်ရမိတယ်။

ကြေးမုံအယ်ဒီတာ အာဘော်ကလည်း ပြည်သူနှင့်အတူ ကြိုးပမ်းဖော်ဆောင်တဲ့၊ နောက် ပြည်တွင်းရေးရာခေါင်းစဉ်နဲ့ ရေးသူအမည်မပါတဲ့ ဆောင်းပါးတစ်ပုဒ်ကလည်း ကြေးမုံ .....ပြည်သူနဲ့အတူပါပဲတဲ့။ ပြည်သူကို ကလောင်ဖျားက မချကြတော့ဘူး။

စာမျက်နှာ ၁၀ က ဆရာအော်ပီကျယ်ရဲ့ ကာတွန်းကတော့ ပြည်သူလည်းမပါဘူး၊ ဆန်းစုသော်တာလည်း မပါဘူး။ ဘယ်လိုကြီးမှန်းလည်း မသိဘူး။ မောင်မှန်လည်း ဉာဏ်မမီဘူး။ လူတစ်ယောက် နေကျဲကျဲတောက်ပူနေတဲ့ ကန္တရပြင်ကျယ်ကြီးထဲမှာ လှေတစ်စင်းကို သစ်တိုသစ်စတွေ လွှတွေနဲ့ ဖာထေးနေတာ၊ ယိုပေါက်မရှိတော့ဘူးလို့လည်း ပြောလိုက်သေးတယ်။ ယိုပေါက်မရှိတော့တဲ့လှေဟာ နေပြင်းပြင်းအောက်က သဲကန္တရကြီးထဲမှာ ဘာလုပ်ရမှန်းမသိတော့ဘူး၊ ကာတွန်းဆရာ ဘာပြောချင်သလဲ မသိဘူး။ လှေကို အသုံးပြုလို့ မရတဲ့နေရာမှာ အပေါက်ဖာနေတယ်ဆိုတော့ မယောင်ရာဆီလူးလို့ ဆိုချင်တာလား။ ဒါလည်း မဟုတ်လောက်ပါဘူး။ တစ်နှစ်သား ပြည်သူနှင့်အတူ အစိုးရကို ဂုဏ်ပြုတဲ့ကာတွန်းဟာ ဒါမျိုး ဖြစ်မယ်မထင်ပါဘူး။ အခု အစိုးရကလည်း မယောင်ရာဆီလူး အစိုးရမှ မဟုတ်တာ (သူဆီလူးထားတဲ့နေရာက အလိုလို ယောင်လာတာ) ဒီတော့ ကာတွန်းကို ကြိုက်တော့ကြိုက်တယ်၊ ဘာကြိုက်တာလဲမေးရင် ဘယ်လိုအဖြေပေးရမယ် မသိဘူးဖြစ်နေတယ်။

အော် ..... ဒါတွေက တစ်နှစ်သားအသွင်ပြောင်း နိုင်ငံပိုင်သတင်းစာတစ်စောင်ကို ဖတ်ရင်း ရေးမိတာတွေပါ။ တစ်နှစ်ပြည့်လုပြည့်ခင်မှာ သတင်းခေါင်းစဉ်တစ်ခုကလည်း အပြောမလွတ်စရာ ဖြစ်ခဲ့ရသေးတယ်။ (Online)မှာ အတော်ပြောခဲ့ကြပြီးပါပြီ။ ၃၀ . ၃ . ၁၇ နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၅ မှာပါ။ သတင်းခေါင်းစဉ်က "ပြည်တွင်း၊ ပြည်ပ မီဒီယာများ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာတွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ပြုလုပ်ရန် ထပ်မံကြံစည်မှုနှင့် ပတ်သက်၍ ဖော်ထုတ်တားဆီးနိုင်ခဲ့မှုအပေါ် လွတ်လပ်စွာ တွေ့ဆုံမေးမြန်း" တဲ့။

အမလေး ပြည်တွင်းပြည်ပ မီဒီယာသမားတွေများ အတော်အကြံပက်စက်တာပဲ။ စကောလောက်မှ ဇောက်မနက် ရက်စက်ပေတာပဲ၊ ဘူးသီးတောင်က တင်းမေကျွေးရွာကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ဖို့ ထပ်ကြံသတဲ့။ အဲဒါ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖော်ထုတ်တားဆီးလိုက်နိုင်လို့သာ တော်တော့တာပေါ့။ နို့မို့ဆို မလွယ်ဘူး။ (ပထမအကြိမ် ကြံုတုန်းကတော့ သတင်းမထုတ်ပြန်ဘူးလား မသိဘူး။ မောင်မှန်သတိမထားလိုက်မိဘူး) အဲ အဲဒီကိစ္စကို လွတ်လပ်စွာ တွေ့ဆုံမေးမြန်းသတဲ့။ ဘယ်သူတွေက ဘယ်သူတွေကို တွေ့ဆုံမေးမြန်းသလဲတော့ မသိဘူး။ လွတ်လွတ်လပ်လပ်တော့ မေးရပုံပါပဲ။ ရှင်းတော့မရှင်းပါဘူး။

တကယ်ဖြစ်ရမှာက "ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာတွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ပြုလုပ်ရန် ထပ်မံကြံစည်မှုနှင့် ပတ်သက်၍ ဖော်ထုတ် တားဆီးနိုင်ခဲ့မှုအပေါ် ပြည်တွင်း၊ ပြည်ပ မီဒီယာများ လွတ်လပ်စွာ တွေ့ဆုံမေးမြန်း" ဆိုပြီး မဟုတ်ဘူးလား၊ သဒ္ဒါအထားအသိုလေး လွဲလိုက်တာနဲ့ အဓိပ္ပါယ်တွေ အများကြီး ပြောင်းသွားတာ။ အတော်သတိထားဖို့ ကောင်းပါတယ်။   နိုင်ငံပိုင်သတင်းစာကြီးဖြစ်တော့ ပိုသတိထားဖို့ ကောင်းတာပေါ့။ တလောကလည်း ကြက်လှရွှေပြဿနာ ပေါ်ခဲ့ပြီးပြီလေ။ အဲဒီတုန်းကလည်း အစည်းအဝေး မတက်တာကို တက်ပါတယ်ဆိုပြီးရေး၊ လူတစ်ယောက်ရဲ့ နာမည်ကို သိက္ခာချပြီး ရေးတာမျိုးတွေ လုပ်ခဲ့သေးတယ်။ နောက်တော့ ပြန်တောင်းပန်တယ်။ တောင်းပန်တာမှ တစ်ကျော့နဲ့ မပြတ်ဘူး။ နှစ်ကျော့ နှစ်ခါတောင်းပန်မှ ကိစ္စပြီးတာ။ (စော်ကားခံရသူက အရစ်ရှည်နေလို့ နှစ်ခါ ဖြစ်တာ မဟုတ်ဘူးနော်။ တောင်းပန်သူက ပုံစံမကျလို့ ဖြစ်ရတာ။ )

နိုင်ငံပိုင်သတင်းစာများ တကယ်ကို ပြည်သူနှင့် အတူရှိနိုင်ကြပါစေခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly