လက်ပံတောင်းတောင် ဒေသခံအချို့ ခေတ်နှင့်လျော်ညီသည့် သီးနှံလျှော်ကြေးပေးရန် တောင်းဆို

လက်ပံတောင်းတောင် ဒေသခံအချို့ ခေတ်နှင့်လျော်ညီသည့် သီးနှံလျှော်ကြေးပေးရန် တောင်းဆို

ဆားလင်းကြီး၊ဧပြီ ၂ ။             ။ လျှော်ကြေးယူမထားသည့် လက်ပံတောင်းတောင်ဒေသခံအချို့သည် ခေတ်နှင့်လျော်ညီမည့် သီးနှံလျှော်ကြေးများပေးရန် ဧပြီလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ဝမ်ပေါင် ကုမ္ပဏီထံ တောင်းဆိုလိုက်သည်။

လက်ပံတောင်းတောင်ဒေသတွင် လျှော်ကြေးရယူထားခြင်း မရှိသေးသည့် ဒေသခံတစ်ချို့က သီးနှံလျှော်ကြေးအမြန်ဆုံးပေးရန်အတွက် ဒေသခံတစ်ချို့က ယနေ့ မွန်းတည့် ၁၂ နာရီက မိုးကြိုးပြင်အလယ်ရွာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အစိုးရအဖွဲ့နှင့်ဝမ်ပေါင်ကုမ္ပဏီထံ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

တုံရွာမှ ဒေါ်ဆန်းနွဲ့က"ကျွန်မတို့ ဆုံးရှုံးနစ်နာနေတဲ့ လုံးဝမှလျော်ငွေထုတ်ယူမထားတဲ့ တောင်သူတစ်စုရဲ့ သီးနှံနစ်နာကြေးကို အမြန်ဆုံးပေးပါလို့ တောင်းဆိုပါတယ်"ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မိုးကြိုးပြင်(တောင်၊မြောက်၊လယ်)ကျေးရွာ၊တုံကျေးရွာ၊ ဆည်တည်းကျေးရွာ၊ဇီးတောကျေးရွာတို့မှ ဒေသခံတောင်သူအချို့မှာ လျှော်ကြေးရယူထားခြင်းမရှိသလို စိုက်ပျိုးမြေများကလည်း သိမ်းဆည်းခံထားရခြင်းကြောင့် စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရသည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများက ဆိုကြသည်။

လျှော်ကြေးယူမထားသည့် ဒေသခံတောင်သူများအနေဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအစီအရင်ခံစာအတိုင်း လိုက်နာ၍ သီးနှံလျော်ကြေးများပေးလျော်ရန်နှင့် အစားထိုးစိုက်ပျိုးမြေများ အမြန်ဆုံးဖော်ထုတ်ပေးရန် လိုလားလျှက်ရှိသည်ဟု ဆိုကြသည်။

အစီအရင်ခံစာအတိုင်းအမြန်ဆုံးဆောင်ရွက်ပေးရန်အတွက်လည်း အစိုးရအဖွဲ့ထံ စာတင်တောင်းဆိုထားကြောင်းလည်း သိရသည်။

လက်ပံတောင်းတောင်ဒေသတွင် ပဋိပက္ခများချုပ်ငြိမ်းလိုပါက အစိုးရအဖွဲ့အနေဖြင့်ဝမ်ပေါင်ကုမ္ပဏီဖြင့် ညှိုနှိုင်းဖြေရှင်းမှုများပြုလုပ်ပေးမှရမည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly