YBS စနစ် သုံးရက်အတွင်း စနစ်တကျ ပြောင်းလဲနိုင်ခဲ့ဟု ရန်ကုန်တိုင်းအစိုးရဆို

YBS စနစ် သုံးရက်အတွင်း စနစ်တကျ ပြောင်းလဲနိုင်ခဲ့ဟု ရန်ကုန်တိုင်းအစိုးရဆို
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဧပြီလ ၁ ။            ။ YBS စနစ်  သုံးရက်တာကာလအတွင်း စနစ်တကျ ပြောင်းလဲနိုင်ခဲ့သည်ဟု ဧပြီလ ၁ ရက်၊ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပထမတစ်နှစ်တာ ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်၏ တစ်နှစ်တာ ဆောင်ရွက်ချက်များတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ''ရန်ကုန်မှာ ဘတ်စ်ကားယာဉ်လိုင်းတွေကို မထသအဖြစ် ပြေးဆွဲလာခဲ့တဲ့ နှစ် ၅ဝ ကျော် ဆောင်ရွက်ခဲ့မှုတစ်ရပ်ကို ကျွန်တော်တို့ ရပ်ဆိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အပြောင်းအလဲဟာ စနစ်အပြောင်းအလဲ ဖြစ်ပါတယ်။ စနစ်ကို စတင်နိုင်ဖို့အတွက် YBS ယာဉ်လိုင်းကို စတင်ခဲ့ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်လာမှုကြောင့် စနစ်တစ်ရပ်လုံးဟာ သုံးရက်တာ ကာလလောက်အတွင်းမှာပဲ စနစ်တကျ ပြောင်းလဲနိုင်ခဲ့ပါတယ်” ဟု အဆိုပါ တစ်နှစ်တာလုပ်ဆောင်ချက်တွင် ပြောသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပထမတစ်နှစ်တာ ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်၏ တစ်နှစ်တာ ဆောင်ရွက်ချက်များအား မတ်လ ၃၁ ရက်၊ MRTV မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောခဲ့ခြင်း ဖြစ်သည်။

ယခင် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (မထသ) မှ  ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှ စတင်ကာ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု (Yangon Bus Service - YBS) သို့ ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ် ပြည်သူလူထုကို ဝန်ဆောင်မှုကောင်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ပြောင်းလဲခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ယင်းအပြောင်းအလဲသည် စနစ် အပြောင်းအလဲသာ ဖြစ်သည်ဟု ဆိုသည်။

ဦးဖြိုးမင်းသိန်းက ''အသားကျမှုတစ်ရပ်ကိုတော့ ကျွန်တော်တို့ အခုစတင်ဆောင်ရွွက်နေပြီ ဖြစ်ပါတယ်။ ကားတွေကို အဆင့်မြှင့်နိုင်ဖို့၊ ကားတွေကို GPS စနစ်နဲ့ Operator Team ကနေ ထိန်းချုပ်နိုင်ဖို့၊ တစ်ဖက်ကလည်း ဘတ်စ်ကား ပိုက်ဆံပေးတဲ့စနစ်ကို ငွေပေးကတ်နဲ့ ပေးနိုင် ဖို့ဆိုတဲ့ အခြေအနေကို ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေပါတယ်။ ကားသစ်ပေါင်း ၃ဝဝဝ လောက်ကို ဝယ်ယူဖို့ ပြင်ဆင်နေပြီဖြစ် ပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေထဲကလည်း ငွေကျပ်ဘီလီယံ ရဝ လောက် သုံးစွဲဖို့ ပြင်ဆင် နေပြီဖြစ်ပါတယ်။ ကားတွေက မှတ်တိုင်မှာ ဘယ်လောက်ကြာကြာရပ်တယ်၊ လမ်းမှာ ဘယ်လောက်ကြာတယ်၊ ဂိတ်စဂိတ်ဆုံးပြေးဆွဲ မှု ရှိ၊ မရှိ ဆိုတာကို Traffic Control Center ကနေ ထိန်းချုပ်သွားမှာဖြစ်ပါတယ်” ဟု ပြောထားသေးသည်။

ကားယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းသွားနိုင်ရန် တကယ့်မီးပွိုင့်စနစ်တစ်ရပ်ကိုလည်း ပြုပြင် ပြောင်းလဲပြီး ဖြစ်ကြောင်း အဆိုပါ လုပ်ဆောင်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် YBS ယာဉ်လိုင်း စတင်ပြောင်းလဲချိန်တွင် အခက်အခဲ အနည်းငယ်ရှိခဲ့သော်လည်း ပြည်သူလူထု ပူးပေါင်းဆောင််ရွွက် မှုများဖြင့် ယခုအချိန်တွင် ရလဒ်ကောင်းများ ခံစားရရှိ   နေကြပြီဖြစ်သည် ဟုလည်း ပါရှိသည်။

လက်ရှိအချိန်တွင် YBS ယာဉ်လိုင်း ပေါင်း ၈ဝ နီးပါး၊ ယာဉ်စီးရေ ၄ဝဝဝ ခန့်တို့ ဖြင့် ခရီးသွားပြည်သူ ၂ ဒသမ ၅ သန်းခန့်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly