ရတနာသိုက် ရှာဖွေသူများ ဖလော်ရီးဒါကမ်းလွန်တွင် ဒေါ်လာတစ်သန်းတန် စပိန်ရွှေဒင်္ဂါးများတွေ့ရှိ

ရတနာသိုက် ရှာဖွေသူများ ဖလော်ရီးဒါကမ်းလွန်တွင် ဒေါ်လာတစ်သန်းတန် စပိန်ရွှေဒင်္ဂါးများတွေ့ရှိ

မီယာမီ၊ ဇူလိုင် ၂၉ ။        ။ ရတနာသိုက်ရှာဖွေသူ မိသားစုတစ်ခုသည် ဖလော်ရီးဒါကမ်းလွန်ရှိ ၁၈ ရာစုခေတ်က စပိန်သင်္ဘောပျက်တစ်စင်းမှ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ တစ်သန်းတန်သည့် စပိန်ရွှေဒင်္ဂါးပြားများတွေ့ရှိခဲ့သည်ဟု ရှာဖွေသူများကို ငှားရမ်းသည့် ကုမ္ပဏီက ဇူလိုင် ၂၈ တွင် ပြောကြားခဲ့သည်။

တွေ့ရှိမှုတွင် ရွှေဒင်္ဂါးပြား ၅၁ပြား၊ အလှဆင်ရွှေကြိုး ၁၂ မီတာနှင့် ထိုစဉ်က ဘုရင် Felipe V အတွက်ပြုလုပ်ပေးခဲ့သော Royal ဟုခေါ်ဆိုသည့် ကွိုင်ပြားတစ်ခုတို့ပါဝင်သည်။ တွေ့ရှိမှုအားလုံးအနက် Royal ကွိုင်မှာ ရှားပါးလွန်းသဖြင့် အရေးပါဆုံးဖြစ်ကြောင်း 1715 Fleet-Queens Jewels ကုမ္ပဏီ၏ ပူးတွဲတည်ထောင်သူ ဘရင့်ဘရစ္စဘင်က ဖလော်ရီဒါတူဒေးသတင်း ဝက်ဘ်ဆိုက်သို့ ပြောကြား ခဲ့သည်။

ယင်းကုမ္ပဏီသည် ရတနာရှာဖွေသည့် အလုပ်ကို လုပ်ကိုင်ပြီး အငှားချ၍လည်း အလုပ်ခိုင်းသည်။ ၎င်း၏ တဆင့်ကန်ထရိုက်ချထားသူတစ်ဦးမှာ ရှမစ်၏မိသားစုဖြစ်သည်။ ၎င်းမိသားစုသည် ဖလောရီဒါပြည်နယ် ဖို့တ်ပီးယာ့စ်မြို့၏ ကမ်းလွန် အတ္တလန္တိတ်သမုဒ္ဒရာ၏ ရေတိမ်တွင် လွန်ခဲ့သည့် တစ်လက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် Aarrr Booty ဟုခေါ်ဆိုသည့် သင်္ဘောဖြင့် ရှာဖွေရင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စောစီးစွာ တွေ့ရှိခဲ့သော်လည်း ၎င်းတို့၏တွေ့ရှိမှုကို ယခုသီတင်းပတ်အထိလျို့ဝှက်ထားခဲ့သည်။ အကြောင်းမှာ ၁၇၁၅ခုနှစ် ဇူလိုင်လနောက်ပိုင်းက ဟာရီကိန်းမုန်တိုင်းတစ်ခုကြောင့် စပိန်သင်္ဘောအုပ် တစ်ခု နစ်မြုပ်မှု နှစ် ၃၀၀ပြည့်နှစ်ပတ်လည်အခါသမယနှင့် တိုက်ဆိုင်စေရန် ဖြစ်သည်။ အဆိုပါစပိန်သင်္ဘောများသည် ကျူးဘားမှ စပိန်သို့ ရွက်လွင့်နေခဲ့ကြသည်။

ရတနာများ၏ အခြေအနေမှာ အလွန်ကောင်းမွန်သည်ဟု ဘရစ္စဘင်က ပြောသည်။

"၁၇၁၅ သင်္ဘောအုပ်သမိုင်းမှာ အံ့သြဘွယ်အကောင်းဆုံးတွေ့ရှိမှုတစ်ခုပါ။ ရှမစ်မိသားစုတစ်ခုလုံးနဲ့ Aarrr Booty သင်္ဘောသားအဖွဲ့တွေအတွက် ဂုဏ်ယူပါတယ်"ဟု ကုမ္ပဏီက ၎င်း၏ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားခဲ့သည်။

၁၇၁၅ခုနှစ်က သင်္ဘောအုပ်နစ်မြုပ်ပြီးနောက် စပိန်သည် ရေအောက်ရောက်သွားသည့် ရတနာအများအပြားကို ပြန်လည်ရယူနိုင်ခဲ့သည်။ သို့သော်လည်း ထောင်ပေါင်းများစွာသော ဒင်္ဂါးပြားများမှာ ပင်လယ်ကြမ်းပြင်တွင် ရှိနေသေးသည်။ ဒင်္ဂါးပြားတစ်ခုလျင် အမေရိကန်ဒေါ်လာ ၂၅၀နှုန်းဖြင့်တွက်ချက်ပါက ဒင်္ဂါးပြားများ၏ တန်ဘိုးမှာ ဒေါ်လာသန်း ၅၅၀အထိရှိနိုင်သည်ဟု ကုမ္ပဏီကခန့်မှန်းခဲ့သည်။

ဖလော်ရီဒါဥပဒေအရ ပြည်နယ်က တွေ့ရှိခဲ့သည့် ရတနာအားလုံး၏ ၂၀ရာခိုင်နှုန်းကိုရရှိမည်ဖြစ်ပြီး ကျန်ရာခိုင်နှုန်းကို တွေ့ရှိသည့်မိသားစုနှင့် ကုမ္ပဏီက အညီအမျှခွဲယူရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly