အမျိုးသမီးငယ်မျက်နှာတစ်ခြမ်းအား အက်ဆစ်ပြင်းဖြင့် ပက်ခဲ့သူအား ထောင်ဒဏ် ရ နှစ်ချမှတ်

အမျိုးသမီးငယ်မျက်နှာတစ်ခြမ်းအား အက်ဆစ်ပြင်းဖြင့် ပက်ခဲ့သူအား ထောင်ဒဏ် ရ နှစ်ချမှတ်

ရန်ကုန်၊ မတ်လ ၃၁ ။              ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးငယ်ကို မျက်နှာတစ်ခြမ်းလောင်ကျွမ်းခဲ့သည်အထိ အက်ဆစ်ပြင်းဖြင့် ပက်ခဲ့သည့် တရားခံ မိုးမင်းသူအား ယနေ့ (မတ်လ ၃၁ ရက်)နေ့၊ သံဖြူဇရပ်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ရ နှစ်ချမှတ်လိုက်သည်။

အက်ဆစ်ပြင်းဖြင့် ပက်ခဲ့သည့် တရားခံမိုးမင်းသူအား ပုဒ်မ ၃၂၆ အပြင်းအထန်နာကျင်စေမှု၊ ပုဒ်မ ၃၂၄ သာမန် နာကျင်စေမှုတို့ကို တပေါင်းတည်းပြစ်ဒဏ် ရ နှစ် ကျခံစေရန် သံဖြူဇရပ်မြို့နယ်တရားရုံးမှ အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် တရားခံက အက်ဆစ်ပြင်းဖြင့် ပက်ခဲ့သည်မှာ ပြစ်မှုထင်ရှားခြင်း၊ အက်ဆစ်ဖြင့် ပက်ခံရသော အမျိုးသမီးမှာ ငယ်ရွယ်သောကြောင့် အဆိုပါအမျိုးသမီး၏ ဘဝလုံခြံုမှုနှင့် တရားခံဖြစ်သူမှ နောင်တွင် ထပ်မံ မကျူးလွန်စေရန် ထောင်ဒဏ် ရ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် မြို့နယ်တရားရုံးမှ ထောင်ဒဏ် ရ နှစ်သာချမှတ်ခြင်းအပေါ် အက်ဆစ်ပြင်းဖြင့် အပက်ခံခဲ့ရသည့် အမျိုးသမီးငယ်နှင့်မိသားစုက ကျေနပ်မှုမရှိသဖြင့် ခရိုင်တရားရုံးတွင် ဆက်လက် အယူခံဝင်သွားမည် ဖြစ်ကြောင်း ကာယကံရှင်မိသားစုထံက သိရသည်။

 ယခု အမိန့်ချမှတ်လိုက်သည့် ပြင်းထန်စွာနာကျင်စေမှု ပုဒ်မ ၃၂၆ ကိုအမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်း (နှစ်၂၀)ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်ထိဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်သော်လည်း သံဖြူ ဇရပ်မြို့နယ်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ် ရ နှစ်ထိသာ ချခွင့်ရှိပြီး ခရိုင်တရားရုံးမှာမူ ပြစ်ဒဏ်အနှစ် ၂၀ ထိ ချမှတ်ခွင့်ရှိသည်။  

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂ဝ၁၆ ခုနှစ် မေလ ၂၂ ရက်၊ ညနေ ၅ နာရီခန့်က အမျိုး သမီး ငယ်ကို ဖခင်ဖြစ်သူက အလုပ်မှကြိုပြီးပြန်လာစဉ် ဆိုင်ကယ်စီးအမျိုးသားတစ်ဦးက အပြင်းစား အက်ဆစ်ဖြင့် ၂ ကြိမ်ပက်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အက်ဆစ်ဒဏ်ကြောင့် အမျိုးသမီးငယ်၏ မျက်လုံးတစ်လုံး၊ နားတစ်ဖက်နှင့် မျက်နှာတစ်ခြမ်း ပျက်စီး ဆုံးရှုံးခဲ့ပြီး လည်ပင်း၊ ပုခုံး၊ လက်နှစ်ဖက်နှင့် ရှေ့ရင်ဘက်တစ်ခုလုံး အက်ဆစ် လောင်ကျွမ်းခံခဲ့ပြီး ဖခင်ဖြစ် သူမှာလည်း ကျောကုန်းတွင် အက်ဆစ်များ လောင်ကျွမ်းခံခဲ့ရသည်။

အဆိုပါ အက်ဆစ်ဖြင့်ပက်သူမှာ အမျိုးသမီးငယ်၏ ချစ်သူဟောင်းဖြစ်ပြီး လက်ရှိတွင် အမျိုးသမီးငယ်မှ အောက်တိုဘာလအတွင်း ခွဲစိတ်မှုပထမအဆင့်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ခုတွင် ပျက်စီးသွားသောမျက်လုံးကို ပေါင်မှ အသားဖြင့့် အစားထိုးခွဲစိတ်ထားရပြီး အက်ဆစ်ဒဏ်ကြောင့် အရည်ပျော်သွားသော နားရွက်တွင် အသံကြားနိုင်ရန်အတွက် အပေါက်ဖောက်ပြီး လေပြွန်နှင့် ချိတ်ဆက်ခဲ့ရသည်ဟု ပြောပြသည်။

" နောက်တစ်ပတ်ဆိုရင် မျက်လုံးကို ဖွင့်ပေးမယ်ပြောတယ်။ ပြီးရင်တော့ နှာခေါင်းရယ်၊ နှုတ်ခမ်းရယ်ကြားမှာ ရှိတဲ့ အရမ်းနာနေတဲ့ အနာရွတ်တွေကို ခွဲပြီး ပေါင်ကနေ အသားယူပြီး ပြန်ကပ်ပေးမယ်လို့ ပြောတယ်" ဟု ကာယကံရှင်အမျိုးသမီးငယ်က ဒီဇင်ဘာလ ၂၉ ရက်က မဇ္ဈိမသို့ ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly