ကင်မ်ဂျံုနမ်၏ ရုပ်အလောင်း မြောက်ကိုရီးယားသို့ ရောက်ရှိသွားပြီဟု ဆို

ကင်မ်ဂျံုနမ်၏ ရုပ်အလောင်း မြောက်ကိုရီးယားသို့ ရောက်ရှိသွားပြီဟု ဆို

မတ် ၃၁ ။               ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်း၏ ဖအေတူ မအေကွဲ အကို ကင်မ်ဂျံုနမ်၏ အလောင်းမှာ ယခုအခါ မလေးရှားနိုင်ငံမှ တဆင့် ပြံုယမ်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ကင်မ်ဂျံုနမ်၏ ရုပ်အလောင်း ယခုအခါ မြောက်ကိုရီးယားနိုင်ငံဆီ ရောက်ရှိသွားပြီဖြစ်ကြောင်း တရုတ် အာဏာပိုင်များက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

" မလေးရှားမှာ သေဆုံးခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးရဲ့ အလောင်းရော၊ သက်ဆိုင်ရာ မြောက်ကိုရီးယားနိုင်ငံသားတွေပါ ပေကျင်းကနေတဆင့် ဒီကနေ့ပဲ ပြံုယမ်းဆီ ပြန်ရောက်သွားကြပါပြီ" ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လူကန်က ပြောသည်။

" နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအရရော၊ လူသားချင်းစာနာကူညီမှုပိုင်းအရပါ ကျွန်တော်တို့ တရုတ်အနေနဲ့ ခု ဒီရုပ်အလောင်းပြန်သယ်တဲ့ကိစ္စမှာ လိုအပ်တဲ့အကူအညီတွေ ပေးခဲ့ပါတယ်" ဟု ၎င်းက ထပ်လောင်းပြောသည်။

ကင်မ်ဂျံုနမ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူ လေဆိပ်၌ ဓာတုအဆိပ်ဖြင့် လုပ်ကြံခံခဲ့ရသူဖြစ်ကာ ၎င်းလုပ်ကြံခံရမှုကိစ္စကြောင့်လည်း မြောက်ကိုရီးယားနှင့်မလေးရှားတို့အကြား သံတမန်ဆက်ဆံရေး တင်းမာမှုများ ပေါ်ပေါက်ထားခဲ့ရသည်။

တင်းမာမှုများနောက် ယခုအခါ မလေးရှားဘက်ကလည်း ကင်မ်ဂျံုနမ်၏ အလောင်းကို ပြန်လည်လွှဲအပ်ရန် သဘောတူခဲ့ပြီးနောက် ပြံုယမ်းရောက် မလေးရှားနိုင်ငံသားတို့လည်း မိခင်နိုင်ငံသို့ လွတ်လပ်စွာ ပြန်လာနိုင်ခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly