မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ပါကစ္စတန်တွင် လူ ၈၁ ဦးသေဆုံး

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ပါကစ္စတန်တွင် လူ ၈၁ ဦးသေဆုံး

အစ္စလာမ္မာဘတ်၊ ဇူလိုင် ၂၉ ။      ။ လွန်ခဲ့သည့် နှစ်ပတ်အတွင်း ပါကစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် လူ ၈၁ ဦးသေဆုံးခဲ့ပြီး လူ ၃၀၀,၀၀၀ နီးပါးအပေါ် ဆိုးကျိုး သက်ရောက်ခဲ့သည်ဟု ကပ်ဘေးစီမံခန့်ခွဲရေးအေဂျင်စီက ဇူလိုင် ၂၈ တွင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လလယ်မှ စတင်ခဲ့သည့် ပြင်းထန်သည့် မိုးရွာသွန်းမှုများက နိုင်ငံ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းမှာပါ အထိနာခဲ့ပြီး အိမ်ခြေ ၁,၉၀၀ကျော်ပျက်စီးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားကပ်ဘေးစီမံခန့်ခွဲမှုအာဏာပိုင် (NDMA) မှ ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

မိုးကြီးရေလျှံမှုဒဏ်အဆိုးဝါးဆုံးခံရသော နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် တွင် အနည်းဆုံး လူ ၃၈ ဦးသေဆုံးခဲ့ပြီး ပါကစ္စတန်အုပ်ချုပ်သော ကက်ရှ်မီးယားအပိုင်းတွင် ၁၉ ဦးသေဆုံးခဲ့သည်ဟု အာမက်ကာမဲလ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ထို့အပြင် အလယ်ပိုင်းရှိ ပန်ဂျပ်ပြည်နယ်တွင် ၁၁ဦး၊ အနောက်တောင်ဘလူချီစတန်ပြည်နယ်တွင် ရှစ်ဦးနှင့် ဂီလ်ဂစ်ဘယ်လ်တစ္စတန်ပြည်နယ်တွင် ငါးဦးသေဆုံးခဲ့သည်ဟု သိရသည်။ ထို့အပြင် မိုးကြိုး မုန်တိုင်းများ၊ မိုးကြီးမှုများမှာ လာမည့်ရက်များအတွင်း နေရာကွက်၍ဖြစ်ပေါ်နိုင်ကြောင်းလည်း ကာမဲလ်ကဆိုသည်။

ယခုအချိန်အထိ လူ ၁၇၂,၀၁၆ဦးကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးထားရသည်ဟု ၎င်းကပြောကြားခဲ့သည်။ ထို့အပြင် စစ်တပ်၊ ပြည်နယ်အစိုးရများနှင့် NDMA တို့မှ ကယ်ဆယ်ရေးအဖွဲ့များ သည် ထိခိုက်မှုရှိသောဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းကပြောကြားခဲ့သည်။ သည်းထန်လွန်းသောမိုးရွာသွန်းမှုများကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည့်အပြင်  ခိုင်ဘာပက်ခ်တွန်ခဝါရှိ ချစ်ထရယ်လ်ခရိုင်တွင် ဒါဇင်ပေါင်းများစွာသော လမ်းများ၊ တံတားများ ရေစီးကြောင့် ပျက်စီးပြိုပျက်ခဲ့သည်။ ထို့အပြင် တောင်ပိုင်းပန်ဂျပ်ရှိ ကျေးရွာ ၃၇၅ ရွာမှာလည်း ရေလွှမ်းသွားခဲ့သည်။

တောင်ပိုင်းရှိ ဆင်းပြည်နယ်၊ အလယ်ပိုင်းရှိ ပန်ဂျပ်ပြည်နယ်နှင့် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်များအပြင် ကက်ရှ်မီးယားဒေသအတွက်ပါ ပြင်းထန်သည့်ရာသီဥတုကျရောက်လာနိုင်ကြောင်း သတိပေး ချက်ထုတ်ပြန်ထားသည်။

နှစ်တိုင်းလိုပင် ပါကစ္စတန်သည် ပြင်းထန်သည့်ရာသီဥတုပုံစံအမျိုးမျိုးကို ခံစားရသည်။ မကြာသေးမီနှစ်များအတွင်း လူရာပေါင်းများစွာသေဆုံးခဲ့ပြီးစိုက်ပျိုးမြေဧကသန်းပေါင်းများစွာ ထိခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly