အီရတ်တွင် အိုင်အက်စ်တို့ အသေခံ ဗုံးခွဲတိုက်ခိုက်၍ ၁၄ ဦးထက်မနည်း သေဆုံး

အီရတ်တွင် အိုင်အက်စ်တို့ အသေခံ ဗုံးခွဲတိုက်ခိုက်၍ ၁၄ ဦးထက်မနည်း သေဆုံး

မတ် ၃၀ ။          ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုသို့ မတ်လ ၂၉ ရက် ညပိုင်းက အသေခံဗုံးခွဲသမားတစ်ဦး ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်ထားသော ထရပ်ကားကို မောင်းနှင် ၀င်ရောက်ဖောက်ခွဲသွားခဲ့ခြင်းကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ် နိုင်ငံတော်အကြမ်းဖက်အဖွဲ့ အိုင်အက်စ်တို့က ထုတ်ဖော်ကြေညာထားကြောင်း တာဝန်ရှိသူများက ပြောသည်။

မြို့တွင်းသို့ ၀င်ရောက်သည့် တောင်ပိုင်းဝင်ပေါက်စစ်ဆေးရေးဂိတ်၌ ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၃၆ ဦးထိ ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိအချိန်တွင် အီရတ်တပ်များက မိုဆူးလ်မြို့အနောက်ခြမ်းတွင် အိုင်အက်စ်တို့ကို တိုက်ခိုက်ချေမှုန်းနေလျက်ရှိနေချိန် ယခုကဲ့သို့ အကြမ်းဖက်သမားများဘက်က တုန့်ပြန်တိုက်ခိုက်လာခြင်း ဖြစ်ပုံရကြောင်းလည်း သိရသည်။

အိုင်အက်စ်တို့အနေဖြင့် ၂၀၁၄ ခုနှစ်ကစ၍ ဘဂ္ဂဒက် အနောက်နှင့် မြောက်ခြမ်းဒေသများတွင် ကြီးစိုးနေခဲ့သော်လည်း အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းတပ်၏ လေကြောင်းပစ်ကူမှုနှင့်အတူ အီရတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ယခုအခါ ယင်းတို့၏ နယ်မြေအများစုကို လက်လွှတ်ဆုံးရှုံးထားရပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly