စီရော်နယ်ဒိုလား၊ နေးလ်ကွင်းလား

စီရော်နယ်ဒိုလား၊ နေးလ်ကွင်းလား

မတ် ၃၀၊ ပေါ်တူဂီ ။           ။ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကြီးကို ရယူနိုင်ခဲ့တာကြောင့် စီရော်နယ်ဒိုနဲ့သူ့ရဲ့အသင်းဖော်တွေအားလုံးဟာ ပေါ်တူဂီနိုင်ငံရဲ့သူရဲကောင်းတွေဖြစ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆွီဒင်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ပေါ်တူဂီအသင်းဟာ သူတို့ရရှိခဲ့တဲ့ ယူရိုဆုဖလားကြီးကို ကွင်းအတွင်းပြသအောင်ပွဲခံခဲ့ကြပါတယ်။

စီရော်နယ်ဒိုဟာ ကလပ်အသင်းကစားသမားဘဝမှာ သူမတူတဲ့စွမ်းဆောင်မှုတွေစွမ်းဆောင်ပြီး ပေါ်တူဂီနိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သလို ယူရိုပြိုင်ပွဲမှာလည်း အောင်မြင်မှုရခဲ့တာကြောင့် ပေါ်တူဂီအာဏာပိုင်တွေက သူ့ကို အထူးဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့မွေးရပ်မြေမက်ဒီယာလေဆိပ်ကို စီရော်နယ်ဒိုရဲ့အမည်ပြောင်းလဲခေါ်ဝေါ်စေခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုရဲ့ဦးခေါင်းပုံစံ ကြေးရုပ်တု ထုလုပ်ပြီးလည်း ဂုဏ်ပြုခဲ့ပါတယ်။ ပြဿနာက အဲ့ဒီက စပါတယ်။ စီရော်နယ်ဒိုရဲ့ဦးခေါင်းပုံတူက စီရော်နယ်ဒိုနဲ့မတူပဲ ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်း   နေးလ်ကွင်းနဲ့တူနေလို့ လူမှုဝက်ဆိုက်စာမျက်နှာတွေမှာ စီရော်နယ်ဒိုလား၊ နေးလ်ကွင်းလားဆိုပြီး နောက်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါကို သတင်းစာမျက်နှာတွေကလည်း ကူးယူဖော်ပြခဲ့ကြပါတယ်။

ဒီလိုလှောင်ပြောင်မှုတွေက စီရော်နယ်ဒိုအတွက် စိတ်ပျက်စရာတော့ မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘောလုံးလောကမှာ ဂုဏ်ပြုထုလုပ်ခဲ့ကြတဲ့ ရုပ်တုတော်တော်များများက ဂုဏ်ပြုခံရသူနဲ့မတူကြလို့ပါ။

ပြီးတော့ ဒီရုပ်တုက စီရော်နယ်ဒိုရဲ့ပထမဆုံးရုပ်တုလည်း မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်က မက်ဒီယာကျွန်းမှာ သူ့ရဲ့ တစ်ကိုယ်လုံးပုံတူရုပ်တုကို ထုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly