မတ် ၃၀၊ မန်ချက်စတာ။ ။ မန်ချက်စတာယူနိုက်တက်အသင်းမှ ပေါ့ဂ်ဘာ၊ စမောလင်းနှင့် ဖီးလ်ဂျံုးစ်တို့သည် စနေနေ့တွင် အိုးထရက်ဖို့ဒ်၌ ဝက်စ်ဘရွန်းနှင့်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲကြမည်ဖြစ်သည်။
စံချိန်တင်ပြောင်းရွှေ့ကြေးကစားသမား အသက် ၂၄ နှစ်အရွယ်ပေါ့ဂ်ဘာသည် မတ် ၁၆ ရက်က ရော့စတော့ဗ်နှင့်ကစားခဲ့သည့် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲတွင် ရရှိခဲ့သည့် ဒူးကောက်ကြော ဒဏ်ရာမှ ပြန်လည်သက်သာခြင်း မရှိသေးပေ။
အသက် ၂၅ နှစ်အရွယ် ဖီးလ်ဂျံုးစ်မှာမူ အင်္ဂလန်အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် စမောလင်းနှင့်ထိခိုက်ပြီးခြေချောင်းကျိုးသွား သဖြင့် လေးပတ်ခန့်နားရဖွယ်ရှိသည်။
အသက် ၂၇ နှစ်အရွယ် စမောလင်းသည်လည်း အင်္ဂလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရထားသည်။ တိုက်စစ်မှူး အီဘရာဟီမိုဗစ်မှာ မတ် ၄ ရက်က ဘုန်းမောက်မှတိုင်ရွန်မင်းစ်ကို တံတောင်ဖြင့် တွတ်ခဲ့၍ သုံးပွဲပယ်ခံထားရရာ ပြစ်ဒဏ် နောက်ဆုံးအဖြစ် ဝက်စ်ဘရွန်းနှင့်ပွဲကို လွဲမည်ဖြစ်သည်။
ယူနိုက်တက်သည် အန်ဒါလက်ချ်နှင့် ယူရိုပါလိဂ်ကွာတားပွဲနှစ်ပွဲအပါအဝင် ဧပြီလအတွင်း ကိုးပွဲကစားရမည်ဖြစ်သည်။ ပရီးမီးယားလိဂ်ပွဲစဉ် ခုနစ်ပွဲအနက် ဧပြီ ၁၆ တွင် ပရီးမီးယားလိဂ် ဦးဆောင်သူ ချယ်လ်ဆီးနှင့် အိုးထရက်ဖို့ဒ်၌ ကစားရမည့်ပွဲ၊ ဧပြီ ၂၇ တွင် မန်စီးတီးအသင်းနှင့် အဝေးကွင်း၌ ကစားရမည့်ပွဲများ ပါဝင်သည်။
Ref; BBC