သင်္ဃန်းဝတ်ကာ Performance လုပ်မိသည့်အတွက် The Rebel Riot Band တောင်းပန်ပွဲလုပ်ရ

သင်္ဃန်းဝတ်ကာ Performance လုပ်မိသည့်အတွက် The Rebel Riot Band တောင်းပန်ပွဲလုပ်ရ

The Rebel Riot Band အဖွဲ့မှ ကိုကျော်သူဝင်းသည် သင်္ဃန်းဝတ်ကာ Performance လုပ်ပြီး ဓာတ်ပုံရိုက်မိသည့်အတွက် မတ်လ ၂၉ရက်က မဘသ(ဗဟို) ရုံးစိုက်ရာ အင်းစိန်ရွာမပရိယတ္တိစာသင် တိုက်၌ ပြန်လည် ဝန်ချတောင်းပန်ခဲ့ရသည်။

"ဘာသာတရားတွေအားလုံးသည် လူလူချင်းချစ်ခင်မှု၊ လူလူချင်းအပြန်အလှန် ရိုင်းပင်းကူညီမှု၊ လူလူချင်းဝေမျှမှုတွေကိုပွားများဖို့ သင်ကြားပေးခဲ့တယ်။ ဒါပေမဲ့ လူတော်တော်များများက ဒီဘာသာရေးရဲ့ အဓိကပန်းတိုင်နဲ့ နည်းနည်းလေးတွေလွဲချော်သွားကြတယ်။ ဒေါသတွေ၊ မာနတွေနဲ့ ဒီတစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ဖို့ ပဋိပက္ခဖြစ်ဖို့ပဲ ဆောင်နေတယ်ဆိုတာကို ပြသဖို့ ရည်ရွယ်ပြီး ဒီ performance ကို လုပ်ရခြင်းဖြစ်တယ်" ဟု ကိုကျော်သူဝင်းက ရှင်းပြသည်။

ဘာသာတရားများကို စော်ကားချင်သော စိတ်တစ်စုံတစ်ရာကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းမဟုတ်သည်ကိုလည်း "ဒီဘာသာတရားတွေအားလုံး အတူတူ ယှဉ်တွဲနေထိုင်ရေးနဲ့ လူလူချင်းအပြန်အလှန် ရိုင်းပင်းကူညီမှုတွေလိုအပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပေးချင်တဲ့ message က အဲ့ဒါကို facebook မှာပွသွားတဲ့ သတင်းသည် ကျနော်တို့ဟာ ဘာသာရေးတွေကိုစော်ကားနေပါတယ် ဆိုတဲ့ဟာက ပွသွားစေတယ်။" ဟု မဇ္ဈိမသို့ ပြောခဲ့သည်။

ယခုကဲ့သို့ တောင်းပန်ပွဲလုပ်ရခြင်းမှာလည်း ဖေ့စ်ဘွတ်ပေါ် ဘာသာရေးကို စော်ကားနေပါတယ်ဆိုတဲ့ လွဲမှားတဲ့ message က ပွသွားတဲ့အတွက် အများပြည်သူကိုရှင်းပြခြင်းနဲ့အတူ ၎င်းဓာတ်ပုံကြောင့် စိတ်မချမ်းမမြေ့ဖြစ်သွားသော လူအားလုံးကို တောင်းပန်တဲ့ပွဲဖြစ်ကြောင်းလည်း ဆိုသည်။

"အဓိကက ကျွန်တော်တို့ကို အထင်အမြင်လွဲမှားနေတဲ့လူအားလုံးကို အထင်မြင်မှန်စေချင်ပါတယ်။" ဟု ကိုကျော်သူဝင်းက ရှင်းပြသည်။

ဆရာတော်များကလည်း "အမှားကိုအမှားမှန်းသိခြင်းဟာ သူတော်စင်ရဲ့ လက္ခဏာဖြစ်တယ်" ဟု မိန့်ကြားခဲ့သည်။

အဆိုပါဓာတ်ပုံကို ထိုင်းနိုင်ငံတွင် ဖော်ပြခဲ့ခြင်းများလည်းရှိပြီး ချီးကျူးစကားများကြားခဲ့ရသော်လည်း မြန်မာနိုင်ငံတွင် ယခုကဲ့သို့ဆန့်ကျင်ဘက် ရလဒ်များ ထွက်လာခြင်းအပေါ် "ကျွန်တော်တို့ ဆန္ဒတွေ အရမ်းစောသွားတယ်"ဟုလည်း ကိုကျော်ဝင်းက မှတ်ချက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly