မြန်မာအစိုးရစေလွှတ်သည့် ဥပဒေအကြံပြုအဖွဲ့ ထိုင်းနိုင်ငံတွင် လိပ်ကျွန်းအမှု အယူခံအတွက် ညှိနှိုင်းနေပြီ

မြန်မာအစိုးရစေလွှတ်သည့် ဥပဒေအကြံပြုအဖွဲ့ ထိုင်းနိုင်ငံတွင် လိပ်ကျွန်းအမှု အယူခံအတွက် ညှိနှိုင်းနေပြီ
ဓာတ်ပုံ-Aung Myo Thant facebook

ချင်းမိုင်၊ မတ် ၂၉ ။             ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား နှစ်ဦးအမှု အယူခံထပ်မံတင်ရန် မြန်မာအစိုးရစေလွှတ်သည့် ဥပဒေ နှင့် မှုခင်းဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့က မတ်လ ၂၆ရက်က ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီး ထိုင်းရှေ့နေများကောင်စီနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်သည်။

မြန်မာအစိုးရစေလွှတ်သည့်အဖွဲ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း နှင့် မြန်မာနိုင်ငံ CID မှုခင်းဆိုင်ရာတပ်ဖွဲ့မှ ကျွမ်းကျင်မှုခင်းစစ်ဆေးရေး ရဲမှူးကြီး ဦးစိုးနိုင်ဦးတို့ ပါဝင်သည်။

“အယူခံနဲ့ ပတ်သက်တဲ့ အကြောင်းပြချက်တွေကို ညှိနှိုင်းတိုင်ပင်ခဲ့ကြပါတယ်။ ဘယ်အချက်တွေကို အယူခံရုံးမှာ ဆက်လက်ပြီးတော့ တင်ရမယ်ဆိုတာကို ဆွေးနွေးတယ်။ အဓိကတော့ မူလရုံး ပထမ အယူခံရုံးတွေမှာ ဘယ်အချက်တွေက ဥပဒေအရ အကျုံးဝင်တယ်။ ဘယ်အချက်တွေကိုတော့ တရားရုံးက သုံးသပ်ထားတယ် ဆိုတာတွေကို တရားရုံးချုပ်ရောက်လို့ရှိရင် ထုတ်ဖော်ရေးသားမယ်ဆိုတဲ့ အချက်တွေ အဓိကထားကြပါတယ်၊ ဥပမာဆိုရင်တော့ ဟန်နာရဲ့ အဝတ် အစားတွေ ဒီအန်အေ မစစ်ဆေးဘူးဆိုတဲ့ အချက်တွေကို ထည့်မှာပါ။ ဒီနေ့က မနေ့က ပြုလုပ်ခဲ့တဲ့အချက်တွေအပေါ်မှာ နေပြည်တော်ကို ပြန်လည်တင်ပြနိုင်ဖို့ အချောသတ်ပါတယ်”ဟု  မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က မတ်လ ၂၉ရက်တွင် မဇ္ဈိမသို့ပြောသည်။

မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် ဥပဒေအရာရှိများ၊ မြန်မာသံရုံးအရာရှိများ၊ FEDမှ တာဝန်ရှိသူများ၊ ရှေ့နေများ နှင့် ထိုင်းရှေ့နေကောင်စီတို့သည် ဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့အမှု အယူခံကို ထိုင်းတရားရုံးချုပ်သို့ ထပ်မံတင်ရန် မတ်လ ၂၇ရက်က တိုင်ပင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီက ၂၃ ရက်နေ့က အယူခံအပေါ် ပယ်ချခဲ့သော အမိန့်စာမျက်နှာ ၁၀၂ မျက်နှာမှ DNA စစ်ဆေးမှုတွင် လုပ်ထုံးလုပ်နည်းနှင့် မညီခြင်း၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်နှင့် မညီမှုများ အပါအဝင် အချက် ၁၉ ချက်နှင့် နောက်ဆုံး တင်သွင်းခဲ့သော အယူခံ စာမျက်နှာ ၁၉၈ မျက်နှာထဲမှ အချက် ၄ ချက်တို့ကို ကောက်နုတ်၍ ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။

“တရားရုံးချုပ်ကို အဓိကအချက် နှစ်ချက်အဓိက ဖြစ်နေတယ်။ တစ်အချက်က ဥပဒေရဲ့ ပြဿနာတွေကို ထင်ရှားစွာ ထောက်ပြဖို့လိုတယ်။ ဘာလို့လဲဆိုတော့ မျက်မြင်သက်သေမရှိဘူး။ ဒါပေမဲ့ အပြစ်ပေးခံခဲ့ရတယ်။ အပြစ်တောင်မှ သေဒဏ်အပြစ်ပေးခံရတယ်ဆိုတာမျိုးကို ပေါ်လွင်အောင် တင်ပြဖို့လိုတယ်။ နံပါတ်နှစ်အချက်က မူလတရားရုံးနဲ့ ပထမအယူခံ တရားရုံးမှာ အန်ကယ်တို့ဘက်က ထင်ရှားမြင်သာစွာ ဥပဒေနဲ့လျော်ညီတဲ့အကြောင်းအရာတွေကို တင်ပြခဲ့ပေမယ့် တရားရုံးအနေနဲ့ သုံးသပ်ခဲ့တာက အပြစ်ပေးနိုင်လောက်တဲ့ တရားလိုဘက်မှ စွပ်စွဲချက်တွေအပေါ် ဆုံးဖြတ်ခဲ့တာကြောင့်မို့ သေဒဏ်ဆိုတာ ဖြစ်ခဲ့ရတာကိုလည်း တရားရုံးချုပ်မှာ ပေါ်လွင်အောင်ပြောဖို့ အချက်တွေရေးဖို့ ရည်ရွယ်ထားပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂၇ ရက် နံနက်ပိုင်းက ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ရှိရာ နွန်ထဘူရီခရိုင်ရှိ ဘန်ခွမ် အကျဉ်းထောင်တွင် ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ကျန်းမာရေးကောင်းမွန်နေပြီး သူတို့နှစ်ဦးအား ကူညီနေသော မြန်မာအစိုးရ၊ သံရုံးမှ တာဝန်ရှိ သူများ၊ မီဒီယာများ၊ နိုင်ငံသူနိုင်ငံသားများနှင့် အမှုအတွက် ကူညီဆောင်ရွက်ပေးသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု သူက ပြောသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂၉ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီက ၂၃ ရက်က မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများ တင်ပြခဲ့သော အယူခံကို ပယ်ချခဲ့ပြီးနောက် ဆက်လက်၍ နောက်ဆုံး အထူးအယူခံတင်ရန်အတွက် မတ်လ ၂၃ ရက်က မူလတရားရုံးဖြစ်သော ကော့စမွေတရားရုံးသို့ အချိန် တစ်လပေးရန် တောင်းဆိုမှုကို ထိုင်းတရားရုံးက လက်ခံခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်လူငယ် ဟန်နားဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ လိပ်ကျွန်းတွင် အသတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီး စစ်ဆေးခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ် အမိန့်ချမှတ်ခံနေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly